Airbus နောက်ဆုံးထုတ် လေယာဉ် စ ပျံသန်း

Airbus A350
Image caption စတင် ပျံသန်းလိုက်ပြီဖြစ်တဲ့ Airbus A350

ဥရောပရဲ့ နောက်ဆုံးထုတ် ခရီးသည်တင် လေယာဉ် အဲယားဘတ်စ် အေ 350 ဟာ သူ့ ပထမခရီးခရီစဉ်ကို ပြင်သစ် နိုင်ငံ တူလူးစ်မြို့က လေးနာရီကြာ အသွားအပြန် ခရီး စတင် ပျံသန်းခဲ့ပါတယ်။

အဲယားဘတ်စ်ကတော့ ဒီလေယာဉ်ဟာ ဘိုးအင်းရဲ့ နောက်ဆုံးထုတ် Dreamliner ကို ပြိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ဘိုးအင်းရဲ့ Dreamliner ကို ၂၀၀၉ ခုနှစ်မှာ စထုတ်တုန်းက ကမ္ဘာတဝန်း လူကြိုက်များခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလေယာဉ်တွေမှာ ဘက္ထရီ ပြဿနာပေါ်ခဲ့တာကြောင့် မကြာခင်က စလို့ ပျံသန်းမှုတွေ ရပ်ထားခဲ့ရပါတယ်။

A350 လေယာဉ်ဟာ တခြားလေယာဉ်တွေထက် လောင်စာဆီ ၂၅ ရာခိုင်နှုန်း လျော့ သုံးတဲ့ အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဖက်မှာ ပိုပြီး ထိရောက်တယ်လို့ အဲယားဘတ်စ်က ဆိုပါတယ်။ လေယာဉ်လောင်စာဆီ စျေးတွေလည်း ကြီးနေချိန်မှာ ဆီစားသက်သာတဲ့ အတွက် ဝယ်ယူသူ များလိမ့်မယ်လို့လည်း အဲယားဘတ်စ်က မျှော်လင့်နေပါတယ်။

အခုအထိ ဒီ လေယာဉ်အတွက် အမှာစာ ၆၀၀ ကျော်ရထားပြီး နှစ်ကုန်လောက်မှာ စ ပို့ပေးနိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Dreamliner ကတော့ အခုအထိ မှာယူထားတဲ့ စင်းရေ ၈၉၀ ရှိပြီလို့ သိရပါတယ်။