အမေရိကန်က ဆီးရီးယားအတိုက်အခံကို လက်နက်ထောက်ပံ့မယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ဆီးရီးယား အတိုက်အခံကို တွေ့ဆုံစဉ်
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆီးရီးယား အတိုက်အခံကို တွေ့ဆုံစဉ်

ဆီးရီးယား အစိုးရ က လူ့အာရုံကြောကို ထိခိုက်စေတဲ့ ဆာရင် ဓာတု လက်နက် သုံးနေတယ် ဆိုတာ ယုံကြည် စရာ သက်သေ အခိုင်အမာ ရှိတယ် လို့ပဲ အမေရိကန် ဘက်က ပြောကြား နေပါတယ်။ ဒီအတွက် လူ ၁ဝဝ က ၁၅ဝ ထိ သေဆုံး ခဲ့တယ် ဆိုတဲ့ ခန့်မှန်းချက် ကတော့ မပြည့်စုံဘူး၊ ဒါပေမဲ့ ဓာတု လက်နက် အသုံးပြုမှုတွေက နိုင်ငံတကာ စံနှုန်းတွေရဲ့ စိုးရိမ်မှတ်ကို ကျော်နေပြီ လို့ အမေရိကန် သမ္မတရဲ့ လုံခြုံရေး လက်ထောက် အကြံပေး မစ္စတာ ရုဒ်က ဆိုပါတယ်။

ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်း အဖွဲ့နဲ့ ထိပ်သီး စစ်ကောင်စီကို အမေရိကန်က ပေးမယ့် အကူအညီ အသေးစိတ် ကိုတော့ အမေရိကန် ဘက်က ထုတ်မပြော သေးပါဘူး။ လက်နက် အငယ်စားတွေနဲ့ ခဲယမ်း မီးကျောက်တွေ ပါဖို့ များတယ်လို့ အမေရိကန် အာဏာပိုင် တွေကို ကိုးကားပြီး သတင်း ဌာနတချို့က ပြောဆို နေပါပြီ။ တင့်ကားပစ် လက်နက်တွေ ပေးနိုင်တယ်လို့ သိရသလို ဆီးရီးယား ဒုက္ခသည် တွေကို ကူညီဖို့ ဂျော်ဒန် နယ်စပ် ကနေ မပျံသန်းရ ဇုန် သတ်မှတ်ဖို့လဲ အမေရိကန်က စဉ်းစားနေတယ်လို့ ဝေါစထရိ ဂျာနယ်က ဆိုပါတယ်။ စီအိုင်အေက သူပုန် တပ်သားတွေကို စစ်လက်နက် အကူအညီ ဖြန့်ဖြူးရေးမှာ ကူညီဖို့နဲ့ လေ့ကျင့်ပေးဖို့ ရှိနိုင်ပါတယ်။ အစွန်းရောက် အဖွဲ့တွေနဲ့ စာရင် ဗိုလ်ချုပ်ကြီး အစ်ဒရစ်တို့ စစ်ကောင်စီနဲ့ တွဲလုပ်ဖို့ ပိုပြီး စိတ်ချတယ်လို့လဲ အမေရိကန် ဘက်က ပြောပါတယ်။

အနောက်အုပ်စု ဒေသတွင်း မဟာမိတ် ကာတာ ဆော်ဒီ စတဲ့ နိုင်ငံ တချို့ရဲ့ ထောက်ခံမှု ကြောင့် ဆီးရီးယား သူပုန်တွေ စစ်ရေး အရ အင်အားကြီး လာချိန်မှာပဲ သမ္မတ အာဆတ် ကို အီရန်နဲ့ ရုရှ ၊ ဟစ်ဇ်ဘိုလာ တပ်တွေက ဝင်ကူ ခဲ့ကြလို့ အခြေအနေတွ ပိုဆိုးလာတာပါ။ အခု အမေရိကန်က လနဲ့ချီ စောင့်ပြီးမှ ဝင်ကူမယ် ကြေညာ လိုက်တော့ ဆီးရီးယား စစ်ရှိန် ပိုတက်လာဖို့ ရှိတယ်လို့ သတင်းထောက်တွေက သုံးသပ် နေကြပါတယ်။ ရုရှ ဘက်က အမေရိကန်ရဲ့ တွေ့ရှိချက်တွေကို ယုံကြည်ဖွယ် မရှိဘူး ဆိုပြီး လက်မခံ သလို ဆီးရီးယားမှာ နောက်ထပ် စစ်ရေး စွက်ဖက်မှုတွေကို ဆန့်ကျင်သွားမယ်လို့လဲ ကုလ သမဂ္ဂ အတွင်းမှူးချုပ် ဘန်ကီမွန်က တုံ့ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ