အီရန် သမ္မတရွေးကောက်ပွဲ Rouhani အနိုင်ရ

Image caption သမ္မတဟောင်း ၂ ယောက် နဲ့ မစ္စတာ Rouhani မဲရုံ တွေကို လိုက် ကြည့် ခဲ့ပါ သေးတယ်

အီရန် သမ္မတ ရွေးကောက်ပွဲ တွေမှာ အလယ် အလတ် အစဉ်လာစွဲ သဘော ထား ရှိသူ Hassan Rouhani က ဟာ မဲတဝက်ကျော် ရရှိပြီး အနိုင် ရရှိ သွားပြီ ဖြစ်ပါတယ်။

ဒီအတွက် သူဟာ နောက်တကျော့ ရွေးကောက်ပွဲ လုပ်စရာ မလိုတော့ပဲ အပြီးသတ် အနိုင် ရရှိ သွားတာ ဖြစ်ပါတယ်။

မဲပေးခွင့် ရှိတဲ့ အီရန် နိုင်ငံသား ၈ဝ ရာခိုင်နှုန်း လောက် မဲထွက် ပေးကြပြီး မဲပေးသူ များလွန်းလို့ သောကြာနေ့ ညနေမှာ မဲရုံတွေ ၅ နာရီ လောက် ဆက်ဖွင့် ပေးထား ရတဲ့ ရွေးကောက်ပွဲ လည်း ဖြစ်ပါတယ်။

လက်ရှိ သမ္မတ Ahmadinejad ရဲ့ သက်တမ်း ၈ နှစ် အတွင်း စီးပွားရေး အကျပ် အတည်း တွေနဲ့ အီရန် အဏုမြူ စီမံကိန်း အပေါ် အနောက် အုပ်စု ပိတ်ဆို့ မှုတွေ ရင်ဆိုင် ခဲ့ရ ပါတယ်။ Rouhani ဟာ အဏုမြူ အရေး အတွက် နိုင်ငံ တကာမှာ ဦးဆောင် ညှိနှိုင်း ခဲ့သူ ဖြစ်ပြီး ပြုပြင် ပြောင်းလဲရေး သမားတွေနဲ့ နီးစပ်မှုလဲ ရှိပါ တယ်။

သမ္မတဟောင်း မိုဟာမက် ခါတာမီရဲ့ အကြံပေးချက် အရ အင်္ဂါ နေ့ကမှ သမ္မတလောင်း စာရင်းက နှုတ်ထွက် လိုက်တဲ့ Mohammad Reza Aref ဆီက ထောက်ခံ မဲတွေ Rouhani ဆီ လှိမ့်ဝင် လာတာလည်း ဖြစ်ပါတယ်။ မစ္စတာ ခါတာမီနဲ့ ရက်ဖ်ဆန်ဂျာနီ သမ္မတဟောင်း ၂ ယောက် နဲ့ မစ္စတာ Rouhani မဲရုံ တွေကို လိုက် ကြည့် ခဲ့ပါ သေးတယ်။

မဲရလဒ်ကို မကျေ နပ်တဲ့ သမ္မတလောင်း တွေက အစ္စလာမ် ဘာသာရေး အကြီး အကဲများ ကောင်စီကို ၃ ရက် အတွင်း တိုင်ကြား နိုင်တယ်လို့ ပြည်ထဲရေး ဝန်ကြီး Mostafa Mohammad Najjar က ဆိုပါတယ်။

၂ဝဝ၉ ခုနှစ် သမ္မတ ရွေးပွဲ တုန်းက မဲရလဒ် မကျေနပ်တဲ့ သန်းနဲ့ ချီတဲ့ အီရန် နိုင်ငံ သားတွေ လမ်းပေါ်ထွက် ဆန္ဒပြ ခဲ့ကြပါတယ်။ မဲလိမ် မှုတွေ ရှိတယ် ဆိုပြီး ရှုံးနိမ့် တဲ့ သမ္မတလောင်း ၃ ယောက်ရဲ့ တိုင်ကြားမှု တွေကို ဘာသာရေး အကြီး အကဲများ က ပယ်ချ ခဲ့သလို ဦးဆောင် ဆန္ဒပြတဲ့ သမ္မတ လောင်း ၂ ယောက် ကိုလဲ ၂ဝ၁၁ ထဲက ခုထိ နေအိမ်မှာ ထိန်းသိမ်း ထား ပါတယ်။

ပြုပြင်ရေး လိုလားတဲ့ သတင်းစာတွေ အများ အပြား ရပ်ဆိုင်း ခံရ သလိုပဲ ဘီဘီစီ ပါရှား သတင်း ဌာနက ဝန်ထမ်း ၁၅ ယောက်ရဲ့ မိသားစုတွေ ကိုလဲ အီရန် အစိုးရက ဖိအားပေး ခြိမ်းခြောက် အလုပ်က ထွက်ခိုင်း တာတွေ ရှိနေ တယ်လို့ ဘီဘီစီက ကြာသပတေးနေ့ ကပဲ ထုတ်ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ