ဗြိတိန်နဲ့ ရုရှား ခေါင်းဆောင်တွေ ဆွေးနွေး

Image caption ဆီးရီးယား ငြိမ်းချမ်းရေး အတွက် ရုရှား သမ္မတ ဘက်က ကူညီဖို့ ပြောမယ်လို့ မစ္စတာ ကင်မရွန်ဆို

ဗြိတိန်နဲ့ ရုရှား နိုင်ငံ ခေါင်းဆောင် တွေဟာ လန်ဒန်မြို့မှာ ဆွေးနွေး မှုတွေ ပြုလုပ် နေရာ၊ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲ မှုတွေက ဆွေးနွေး ပွဲကို အဓိက လွှမ်းမိုး ထားမယ်လို့ မျှော်လင့်ရပါတယ်။

မြောက် အိုင်ယာလန်မှာ တနင်္လာနေ့ ပြုလုပ်မယ့် G8 ထိပ်သီး အစည်း အဝေး မတိုင်မီ ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်ဟာ ရုရှား သမ္မတနဲ့ တွေ့ခဲ့ တာပါ။

ဆီးရီးယားမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ အတွက် နိုင်ငံ တကာ ငြိမ်းချမ်းရေး သဘောတူချက် တခု ရအောင် လုပ်ရာမှာ ရုရှား သမ္မတ ဘက်က ကူညီဖို့ ပြောမယ်လို့ ဆွေးနွေး ပွဲ မတိုင်ခင် ဝန်ကြီးချုပ်က ဆိုပါတယ်။

အခု အခါ ဆီးရီးယား သူပုန် တွေကို အမေရိကန်က လက်နက် အထောက် အကူ ပေးရေး ဆုံးဖြတ် ပေမယ့် ယူကေ ဘက်က မဆုံးဖြတ်ရ သေးပါဘူး။ ဒါပေမယ့် သမ္မတ အာဆတ် ကိုတော့ ဖိအားပေးဖို့ လိုတယ်လို့ သူက ဆိုနေ ပါတယ်။ ၂ နှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ် အတွင်း လူပေါင်း တသိန်း နီးပါး သေဆုံးခဲ့ ပါတယ်။

သောကြာနေ့ ကပဲ အာဆတ် အစိုးရ ဘက်က ဓါတု လက်နက် သုံးတဲ့ အထောက် အထား တွေ့လို့ အမေရိကန် အနေနဲ့ သူပုန် တွေကို စစ်ရေး တိုက်ရိုက် ကူညီမယ် လို့ အမေရိကန် အစိုးရက ကြေညာခဲ့ ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အာဆတ်ကို တောက်လျှောက် ထောက်ခံ လာတဲ့ ရုရှား အစိုးရ ကတော့ သိပ်ဘဝင် မကျပါဘူး။

ကင်မရွန်က နိုင်ငံ တကာ အဆင့် ဆီးရီးယား ငြိမ်းချမ်းရေး အတွက် ညီလာခံ တခု လူတိုင်း မြင်ချင် ပေမယ့် အသွင် ကူးပြောင်းရေး ကြားဖြတ် အစိုးရ မျိုး ပေါ်လာ အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာ သဘောထား ကွဲနေတုန်း ပဲလို့ ပြောပါတယ်။

ဒေးဗစ်ကင်မရွန်ဟာ ထိပ်သီး ဆွေးနွေးပွဲ မစခင် သမ္မတ အိုဘားမား နဲ့လည်း အကြို ဆွေးနွေးဖို့ ရှိနေပါတယ်။ အမေရိကန် ပြင်သစ်နဲ့ ဗြိတိန်တို့ ပြောတဲ့ ဆီးရီးယား စစ်တပ်က ဓါတု လက်နက် သုံးတယ် ဆိုတာကို ရုရှားက သံသယရှိပြီး သူ့ အစီအစဉ် အတိုင်း အာဆတ် အစိုးရ အတွက် လေကြောင်း ကနေ ခေတ်မီ ကာကွယ်ရေး လက်နက်တွေပေးမှာ ဖြစ်ပါတယ်။

အခု ယူကေနဲ့ ရုရှား ခေါင်းဆောင် နှစ်ယောက် တွေ့တာဟာ သိပ်ထူးခြားတဲ့ ရလဒ်တွေ မမျှော်လင့် နိုင်ပေမယ့် ပူတင် သိပ် လက်မခံနိုင်တဲ့ အချက်တွေကို ပြောပြဖို့ ကတော့ အရေးကြီးတယ်လို့ ရုရှား နိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း ဆာအင်ဒရူးဝပ်က သုံးသပ်ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ