ဆီးရီးယား အရေး G 8 အစည်းအဝေးကို လွှမ်းမိုးထား

Image caption ဂျီအိတ် စားပွဲဝိုင်း ဆွေးနွေးပွဲ စတင်ခဲ့ပြီ

မြောက်ပိုင်း အိုင်ယာလန် မှာ ကျင်းပနေတဲ့ စက်မှု အင်အားကြီး ရှစ်နိုင်ငံ အစည်းအဝေး တက်ရောက်နေတဲ့ ကမ္ဘာ ခေါင်းဆောင်တွေ အတွက် အလွတ် သဘော စီစဉ်ထားတဲ့ ညစာစားပွဲမှာ သဘောထား ကွဲလွဲမှု ရှိနေတဲ့ ဆီးရီးယား အရေးကို အဖြေရှာ ဆွေးနွေး နေကြပါတယ်။

အခုလို ခေါင်းဆောင်တွေကြား ရင်းနှီးမှု ရအောင် အလွတ်သဘော စီစဉ်ထားမှုဟာ ရုရှားသမ္မတ ဗလာဒီမြာ ပူတင်နဲ့ တခြား အနောက်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူကောင်း တူညီလာဖို့ အကောင်းဆုံး နည်းလမ်းဘဲလို့ ညီလာခံ လက်ခံ ကျင်းပတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ယုံကြည်ကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အစောပိုင်းတုန်းကတော့ သူတို့ကြား သဘောကွဲမှုတွေ ရှိတာကို မစ္စတာ ပူတင်နဲ့ အမေရိကန် သမ္မတ အိုဘားမား နှစ်ယောက်လုံးက လက်ခံ အသိအမှတ် ပြုထားကြပေမယ့် ဘုံရည်မှန်းချက် ရှိတယ်လို့ ဆိုပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေ အတွေးအမြင်တွေ တထပ်တည်း မကျပေမယ့် ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ရပ်သွားစေဖို့ ကျွန်တော်အားလုံး ဆန္ဒ ရှိကြပါတယ်လို့ ရုရှား သမ္မတ ဗလာဒီမြာ ပူတင်က ဆိုသွားခဲ့ပါတယ်။

အမေရိကန် အနေနဲ့ ဆီးရီးယားကို လူမှုကယ်ဆယ်ရေး အကူအညီ ဒေါ်လာ သန်းသုံးရာ ထောက်ပံ့ ကူညီမယ်လို့ သမ္မတ အိမ်ဖြူတော်ကလည်း ထုတ်ပြန် ကြေညာခဲ့ ပါတယ်။