ဘရာဇီးလ် ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့

Image caption ရီယို ဒီ ဂျနဲရိုးမြို့မှာ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲ

ဘရာဇီးလ်နိုင်ငံမှာ သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုစနစ် ချွတ်ယွင်းတာတွေ၊ အဂတိ လိုက်စားမှုတွေနဲ့ လာမယ့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲရဲ့ ကုန်ကျစရိတ် ကြီးမြင့်မှုတွေအပေါ် မကျေနပ်တဲ့အနေနဲ့ နိုင်ငံတဝှမ်းက မြို့ပေါင်း တရာလောက်မှာ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။

Rio de ဂျနဲရိုးမြို့က လမ်းမတွေပေါ်မှာ လူသောင်းနဲ့ချီ စုဝေး ရောက်ရှိနေကြရာမှာ မြို့တော်ခန်းမဆီ ချီတက်လာနေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။

Confederations ဖလား ဘောလုံးပွဲ ကျင်းပမယ့် ဆယ်လ်ဗားဒေါမြို့က ဘောလုံး အားကစားရုံတခုရဲ့ အပြင်ဘက်မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။

ပဋိပက္ခတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် ဘရာဇီးလ် သမ္မတ ဒေလ်မာ Rousseff ဟာ လာမယ့် သီတင်းပတ်မှာ သွားဖို့ ရှိတဲ့ သူ့ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်ကို ဆိုင်းငံ့ လိုက်ပါတယ်။

အခုလ အစောပိုင်းတုန်းက လူထု သယ်ယူ ပို့ဆောင်ရေး စရိတ်တွေကို ၁၀ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်လိုက်တဲ့အတွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ရတာပါ။

သယ်ယူ ပို့ဆောင်ရေး စရိတ်တိုးမြှင့် သတ်မှတ်မှုကို အစိုးရက အခုအခါ ပြန်ရုတ်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ဆန္ဒပြမှုတွေကို ဆက်လုပ်သွားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။