သူပုန်တွေကို လက်နက် ထောက်ပံ့ပေးဖို့ ဆီးရီးယား မိတ်ဆွေ နိုင်ငံများ သဘောတူခဲ့

Image caption Friends of Syria အစည်းအဝေး ကာတာမှာ ကျင်းပ

ဆီးရီးယား သူပုန်တွေကို အရေးပေါ် ကူညီ လက်နက် ထောက်ပံ့မှု ပေးဖို့ ဆီးရီးယား မိတ်ဆွေ နိုင်ငံများ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူ ခဲ့ကြပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားမှာ အတိုက်အခံတွေဆီကို အခု လက်နက်တွေ ပံ့ပိုးမယ့် အစီအစဉ်ကတော့ Friends of Syria ဆီးရီးယားရဲ့ မိတ်ဆွေများဆိုတဲ့ အစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဒီအဖွဲ့ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပြီး ထွက်ပေါ်လာတဲ့ ရလာဒ်ဖြစ်ပါတယ်။

ဒီအဖွဲ့ထဲမှာတော့ အမေရိကန် ၊ ပြင်သစ် ၊ ဗြိတိန် ၊ ဂျာမနီ၊ ဆော်ဒီအာရေးဗီးယား၊ တူရကီ နဲ့ အီဂျစ်တို့လည်း ပါဝင်ကြပါတယ်။

ဆီးရီးယားအတိုက်အခံတွေကို အကူအညီပေးရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် ကျအောင် ကြိုးပမ်းခဲ့ရာမှာ ရုရှားနဲ့ တရုတ်က ကန့်ကွက်လို့ ဒီ ဆီးရီးယားမိတ်ဆွေများအဖွဲ့ ပေါ်လာတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ သဘောတူညီမှုမရလည်း ဆီးရီးယားအတိုက်အခံတွေကို ကူညီဖို့ အရေးကို ဆက်လုပ်သွားမယ့်အကြောင်း ကာတာ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီလို လက်နက် ကူညီဖို့ ဆုံးဖြတ်ရတာဟာ ဆီးရီးယားမှာ ငြိမ်းချမ်းရေး ရဖို့အတွက် ဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီကြေငြာချက်မှာ ပြောတာက မြေပြင်က ဆီးရီးယားအတိုက်အခံတွေ လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးကို အရေးပေါ် ထောက်ပံသွားမယ်၊ အဖွဲ့ဝင် နိုင်ငံတခုချင်းစီက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်သွားမယ်၊ ဒါဟာ အစိုးရနဲ့ သူ့ရဲ့မဟာမိတ်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်နိုင်ဖို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဘယ်လို လက်နက်မျိုးတွေလဲဆိုတာကိုတော့ မဖော်ပြထားဘဲ ၊ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်က ဆီရီးယားအတိုက်အခံတွေကို လက်နက် အကူအညီပေးမယ်လို့ ကြေငြာပြီး သတင်းတပတ်အကြာမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးကို တက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကတော့ အခု လက်နက် ပံ့ပိုးမှာ ဖြစ်ပေမယ့် တကယ့် စစ်မှန်တဲ့ ဖြေရှင်းနည်းကတော့ စစ်ရေးနည်းနဲ့မဟုတ်ပဲ နိုင်ငံရေးနည်းနဲ့သာ ဖြစ်တယ်၊ ဒါပေမယ့် အစိုးရကို နိုင်ငံရေးဆီ ခေါ်နိုင်ဖို့က အတိုက်အခံဘက်က စစ်ရေးအသာရပြီးမှ ဖြစ်နိုင်မှာဖို့ ဒီလို လုပ်ရတာလို့ ဆိုပါတယ်။

ဆီးရီးယား အတိုက်အခံ သူပုန်တွေဟာ နေရာတချို့မှာ လတ်တလော အရေးနိမ့်နေတာလည်း ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရကတော့ သူတို့ဟာ နိုင်ငံခြား ကျောထောက်နောက်ခံနဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုဆိုရင် ၂ နှစ်တာ ဆီးရီးယား ပြည်တွင်းစစ်အတွင်း လူပေါင်း ၉ သောင်းကျော် အသက် ဆုံးရှုံးပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ