အမေရိကန် ထောက်လှမ်းရေးသမား ပျောက်နေ

Image caption Aeroflot လေယာဉ်ပေါ်မှာလည်း Edward Snowden ပါမလာ

လျှို့ဝှက် သတင်းတွေကို ဖွင့်ချ ဖေါ်ထုတ်ခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိ Edward Snoden အခုအခါ ဘယ်ရောက် နေသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဇဝေဇဝါ ဖြစ်နေကြပါတယ်။

သူ ကြိုတင် လက်မှတ်ဝယ်ထားတဲ့ မော်စကိုကနေ ကျူးဘား နိုင်ငံကို သွားတဲ့ Aeroflot ရုရှား လေယာဉ်ပေါ် မစ္စတာ Snowden ရောက်မလာ ဘူးလို့ Aeroflot လေကြောင်း ကိုယ်စားလှယ်က ပြောပါတယ်။

အဲဒီ လေယာဉ်ပေါ် ပါသွားတဲ့ ဘီဘီစီ သတင်းထောက်ကလည်း သူ့ကို မတွေ့ဘူးလို့ ပြောပါတယ်။

မစ္စတာ Snowdenဟာ အစောပိုင်းတုန်းက သူပုန်းအောင်းနေတဲ့ ဟောင်ကောင်ကနေ မော်စကို ကို လေယာဉ်နဲ့ သွားခဲ့တာ ဖြစ်ပြောကြားခဲ့ပါတယ်။ ပါတယ်။

ဒီအတောအတွင်းမှာပဲ အီကွေဒေါ အစိုးရက မစ္စတာ Snowden ဟာ အီကွေဒေါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းထားကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

မစ္စတာ Snowden ကို ခရီးသွားလာခွင့် တားဆီးပေးဖို့ အမေရိကန် အစိုးရရဲ့ ပန်ကြားချက်ကို တရုတ်ကရော ရုရှားကပါ တမင် လစ်လျူ ရှူမယ် ဆိုရင် အမေရိကန် အစိုးရအနေနဲ့ အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်သွားလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောပါတယ်။

အဲဒီလိုသာ လစ်လျူ ရှူမယ်ဆိုရင် တရုတ်၊ ရုရှားတို့နဲ့ အမေရိကန် အစိုးရရဲ့ ဆက်ဆံရေးမှာ ထိခိုက်မှုတွေ ရှိလာမှာ သေချာတယ်လို့ မစ္စတာ ကယ်ရီက ပြောပါတယ်။

အမေရိကန် အစိုးရ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဖွင့်ချ ဖေါ်ထုတ်ခဲ့သူ မစ္စတာ Snowden ကို သစ္စာဖေါက်လို့ မစ္စတာ ကယ်ရီက ခေါ်ဝေါ်လိုက်ပြီး သူ့ကို အမေရိကန်နိုင်ငံဆီ ပြန် လွှဲပြောင်းပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက မစ္စတာ Snowden ဟာ တရုတ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ဟောင်ကောင်ကနေ ဘေးကင်းလုံခြုံစွာ ထွက်ခွာသွားပြီလို့ ယူဆရကြောင်း မစ္စတာ Snowdenရဲ့ ဟောင်ကောင် အခြေစိုက် ရှေ့နေက ပြောပါတယ်။