အီဂျစ်မှာ အခြေခံ ဥပဒေ ယာယီ ရုပ်သိမ်း

egypt
Image caption ဆန္ဒပြ လူအုပ်ကြီးက ကောင်းချီး သြဘာ ပေး

အီဂျစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ယာယီ ရုပ်သိမ်း ထားလိုက်ပြီလို့ အီဂျစ် စစ်ဦးစီးချုပ် က ကြေညာ လိုက်ပါပြီ။

အခြေခံ ဥပဒေ ရုံး တရား သူကြီးချုပ် ဦးဆောင်မှုနဲ့ ပညာရှင် အရာရှိကြီး တွေနဲ့ ကြားဖြတ် အစိုးရ ဖွဲ့စည်း ပြီး သမ္မတ နဲ့ လွှတ်တော် ရွေးကောက်ပွဲ အသစ် တွေ ကျင်းပ သွားမယ် လို့ ဗိုလ်ချုပ်ကြီး Abdel al-Sisi က ရုပ်သံက တိုက်ရိုက် မိန့်ခွန်း ပြောကြား ခဲ့တာပါ။

တရား သူကြီးချုပ် က သမ္မတရဲ့ အခွင့် အာဏာ များကို ယာယီ သုံးစွဲနိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

တာရီယာ ရင်ပြင်က သောင်းနဲ့ ချီတဲ့ သမ္မတ ဆန့်ကျင်ရေး ဆန္ဒပြ လူအုပ်ကြီးက ဒီကြေညာချက်ကို ကောင်းချီး သြဘာ ပေးကြ ပါတယ်။

အီဂျစ် အစ္စလာမ် ဘာသာရေး အကြီးအကဲ၊ ကော့ပတစ် ခရစ်ယာန် ဂိုဏ်းချုပ်ကြီး နဲ့ အတိုက်အခံ ခေါင်းဆောင် Mohammed ElBaradei တို့ အားလုံး ဒီကြေညာချက်ကို လူသိ ရှင်ကြား ထောက်ခံ ခဲ့ကြ ပါတယ်။

မော်စီ အရေးနိမ့်

Image caption စစ်အရာရှိ တွေကို မြှောက်တင် အောင်ပွဲ ခံကြ

စစ်တပ်ရဲ့ ကြေညာချက် ကို စစ်အာဏာ သိမ်းမှု အဖြစ် သမ္မတ မော်စီက ပယ်ချ ခဲ့ပါတယ်။ သမ္မတ ဂိုဏ်းသား တွေရဲ့ ဆန္ဒပြပွဲ တွေ ထူးထူးခြားခြား တိတ်ဆိတ် နေပြီး အရိပ်အခြည် စောင့်ကြည့် နေပုံ ရှိတယ်လို့ ကိုင်ရိုက ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

အီဂျစ် အနောက်ပိုင်းက သမ္မတ ထောက်ခံသူ တွေနဲ့ လုံခြုံရေး တွေကြား ပဋိပက္ခမှာ ဆန္ဒပြသူ ၄ ယောက် သေဆုံး ခဲ့ကာ သမ္မတကို ဖယ်ရှား ပြီးနောက် အနည်းဆုံး လူ ၉ ယောက် သေဆုံးတယ်လို့ သတင်း ရရှိ ပါတယ်။

သမ္မတကို စစ်စခန်း တခုမှာ ထိန်းသိမ်း ထားတယ်လို့ သူ့ပါတီက ပြောကြား ပြီး မွတ်ဆလင် ညီနောင်များ အဖွဲ့ ခေါင်းဆောင် တချို့ ကိုလည်း ဖမ်းဆီး နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ တုံ့ပြန်

အမေရိကန် သမ္မတ အိုဘားမား ကတော့ စစ်တပ် လုပ်ရပ် အတွက် များစွာ ပူပန်မိ ပြီး အီဂျစ် နိုင်ငံသား တွေရဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့်ကို လေးစား ဖို့ စစ်တပ်ကို ပန်ကြား ခဲ့ပါတယ်။

အီဂျစ် ကို ပေးနေတဲ့ အမေရိကန် အကူအညီ တွေကို ပြန်သုံးသပ် ဖို့လည်း သူက ဆိုပါတယ်။

ကုလ သမဂ္ဂ အတွင်းဝန်ချုပ် ဘန်ကီမွန် ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ညှိနှိုင်း ဆောင်ရွက်ကြဖို့ အီဂျစ် ပြည်သူတွေ ကို ပန်ကြား ခဲ့ပါတယ်။

အီဂျစ် နိုင်ငံသား အားလုံးရဲ့ လိုအင် ကြောင့်ကြမှုတွေ ကို ဖော်ထုတ် တင်ပြမယ့် နိုင်ငံရေး လမ်းကြောင်း ကို ရှာဖို့လည်း အစိုးရသစ်ကို မစ္စတာ ဘန်က တိုက်တွန်း ပါတယ်။

ဆော်ဒီ ဘုရင် အဗ္ဗဒူလာ ကတော့ အီဂျစ် အိမ်စောင့် အစိုးရ သမ္မတသစ်ကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပြီး အီဂျစ် ရာဇဝင် အချိုးအကွေ့မှာ ပေါ်ထွက် လာတဲ့ အစိုးရလို့ ဖော်ပြ ထားပါတယ်။

အီဂျစ် လွတ်လပ်ရေး ရပြီး ပထမဆုံး တက်လာတဲ့ ဒီမိုကရေစီ နည်းကျ သမ္မတကို ဖယ်ရှား ခဲ့တာ ဖြစ်ပြီး အနှစ် ၆ဝ နိုင်ငံရေးကို ချုပ်ကိုင် ခဲ့တဲ့ အီဂျစ် စစ်တပ် ရဲ့ နိုင်ငံရေး ကဏ္ဍကို ပြန်ထူထောင် လာတာ လို့လည်း သုံးသပ် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ