ဗုဒ္ခဂါယာ ဗုံးခွဲမှု လက်သည် မပေါ်သေး

Image caption ဒီတိုက်ခိုက်မှုမှာ မသင်္ကာသူတဦးကို ဖမ်းဆီး စစ်ဆေးနေ ပေမယ့် ဘယ်သူ့လက်ချက်ဆိုတာ မသိသေး

အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီ တော်ကြီးနဲ့ တဝိုက် တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့တဲ့ ဗုံးဖေါက်ခွဲ တိုက်ခိုက်မှုတွေဟာ ဘယ်သူ့ လက်ချက်လဲ ဆိုတာ ခုချိန်ထိ မဖေါ်ထုတ်နိုင်သေးပေမယ့် ဒါဟာ IM အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ အိန္ဒိယ နိုင်ငံထုတ် သတင်းစာတွေက သုံးသပ် ဖေါ်ပြကြပါတယ်။

အစောပိုင်းက သံသယ ရှိခဲ့တဲ့ မော်ဝါဒီ သူပုန်တွေရဲ့ လက်ချက်တော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့လို့ သံသယ ရှိတာဟာ အခု တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ဗုံးလုပ်ပုံလုပ်နည်းက အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ အရင်လုပ်ခဲ့ဘူးတဲ့ ဗုံးတွေနဲ့ တူတဲ့အတွက် သံသယ ရှိနေတာ ဖြစ်ပေမယ့် သူတို့ လက်ချက်လို့ ကံသေကမ မပြောနိုင်သေးတဲ့ အနေအထားမျိုး ရှိတယ်လို့ ဒီအကြောင်း လေ့လာ စောင့်ကြည့် နေသူလည်း ဖြစ် အိန္ဒိယနိုင်ငံမှာ အနှစ်နှစ်ဆယ်ကျော်နေထိုင်ပြီး မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူလည်း ဖြစ်တဲ့ ဒေါက်တာ တင့်ဆွေက ဘီဘီစီကို ပြောပါ တယ်။

အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ကတော့ ခုချိန်ထိ ထုတ်ဖေါ် ဝန်ခံတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

အိန္ဒိယ လုံခြုံရေး ရဲတွေကတော့ အရင် ဗုံးခွဲမှုမှာ ဖမ်းဆီးထားတဲ့ အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်တဦးကို စစ်ဆေးစဉ်မှာ ဗုဒ္ဓ ဂါယာဟာ သူတို့အဖွဲ့ရဲ့ ပစ်မှတ်တွေထဲမှာ တခု ပါတယ် ဆိုတဲ့ ထွက်ချက် ရှိထားတဲ့အတွက် အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ကို သံသယ ရှိနေတာ ဖြစ်ပါတယ်။

တခါ အဲဒီလို ပစ်မှတ်ထား နေတာမျိုးအပြင် မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ အဆက်အစပ် ရှိနိုင်တယ်လို့ ယူဆနေကြတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အထောက်အထား ခိုင်ခိုင်လုံလုံ မပြောနိုင်သေးပါဘူး။

လုံခြုံရေး ချို့ယွင်း အားနည်းတာကြောင့် ဒီတိုက်ခိုက်မှုကို မတားဆီးနိုင်ဘူးဆိုပြီး ဘီဟားပြည်နယ်ကို လက်ရှိ အုပ်ချုပ်နေတဲ့ နိုင်ငံရေးပါတီကို အတိုက်အခံ နိုင်ငံရေး ပါတီတွေက လက်ညှိုးထိုး စွပ်စွဲနေကြကြောင်း ဒါပေမယ့်လည်း တကယ်တမ်းမှာ မဟာဗောဓိ စေတီတော်ကို လုံခြုံရေး ယူရာမှာ ပုရဝုဏ် အပြင်ပိုင်းကိုသာ ရဲက တာဝန်ယူပြီး အတွင်းပိုင်းကို ဂေါပက အဖွဲ့က တာဝန်ယူရတာမို့ အစိုးရပိုင်းကိုပဲ အပြစ်မတင်သင့်ဘူးလို့ ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

အခုအခါမှာ အေးအေးချမ်းချမ်း ရှိသွားပြီ ဖြစ်ပေမယ့် လုံခြုံရေးတွေကိုတော့ ဆက်ချထားဆဲ ဖြစ်ပြီး ဒေသခံတွေကြားမှာ စိုးရိမ်စိတ်တွေ ရှိနေဆဲပဲလို့ ဗုဒ္ဓ ဂါယာက မြန်မာသံဃာတော် ဦးပညာ စက္ကက ဘီဘီစီကို ပြောပြပါတယ်။