ဆေးကုမ္ပဏီ GSK လာဘ်ပေးတယ်လို့ တရုတ်စွပ်စွဲ

ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ဆေးကုမ္ပဏီကြီးဖြစ်တဲ့ Glaxo Smith Kline ကုမ္ပဏီရဲ့ ထိပ်တန်း အမှုဆောင် လူကြီးအတော်များများကို အဂတိ လိုက်စားမှု နဲ့ အခွန်ကိစ္စ ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ မသင်္ကာမှုတွေနဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးနေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

Glaxo Smith Kline ကုမ္ပဏီ တာဝန်ရှိသူတွေကို စုံစမ်း စစ်ဆေးနေတယ် ဆိုတာ အများ သိထားကြပြီး ဖြစ်ပေမယ့် စွပ်စွဲချက် အသေးစိတ် အကြောင်း အစိုးရရဲ့ တရားဝင် အတည်ပြုချက်ကိုတော့ တရုတ် လူထု လုံခြုံရေး ဝန်ကြီးဌာနက အခုမှ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

တရုတ် အစိုးရ တာဝန်ရှိ ကိုယ်စားလှယ်တွေ၊ ကျန်းမာရေး အသင်းအဖွဲ့တွေ၊ဆေးရုံတွေ ဆရာဝန်တွေကို လာဘ်ပေးပြီး ကုမ္ပဏီထုတ် ဆေးဝါးတွေ အရောင်းတိုးအောင် လုပ်ခဲ့မှုနဲ့ရော၊ တခြား အခွန်ကိစ္စ နဲ့ဆိုင်တဲ့ ပြစ်မှုတွေကိုပါ Glaxo Smith Kline ကုမ္ပဏီ ကိုယ်စားလှယ်တွေက ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ဒီအမှုထဲမှာ လူအတော်များများ ပါဝင် ပတ်သက်နေတယ်။ ဖြစ်ခဲ့တဲ့ အချိန်ကာလကလည်း အတော်ကြာပြီ၊ ငွေကြေး ပမာဏကလည်း အတော်လေး များပြီး တမင်ရည်ရွယ်ချက် ရှိရှိနဲ့ ဒီရာဇဝတ်မှုတွေကို လုပ်ခဲ့တာလို့ တရုတ်လူထု လုံခြုံရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စ အတော်များများမှာ Glaxo Smith Kline ကုမ္ပဏီရဲ့ အရောင်းအဝယ် ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး Glaxo Smith Kline ကုမ္ပဏီ ဘုတ်အဖွဲ့ကို အကြောင်းသိတဦးက ထုတ်ဖေါ် သတိပေးခဲ့ကြောင်း ပြီးခဲ့တဲ့ လတုန်းက သတင်းစာကြီး တစောင်မှာ ရေးသား ဖေါ်ပြခဲ့ပါတယ်။

Glaxo Smith Kline ကုမ္ပဏီကတော့ သူတို့ကုမ္ပဏီအနေနဲ့ ဒီစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးခဲ့ပြီးပါပြီ။ ခိုင်လုံတဲ့ သက်သေအထောက်အထား မတွေ့ရပါဘူး ဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။

သူတို့အနေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့ မပြတ် စောင့်ကြည့် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ တကယ်လို့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်မယ် ဆိုရင် အမြန်ဆုံး အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း Glaxo Smith Kline ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

Glaxo Smith Kline ကုမ္ပဏီဟာ ကမ္ဘာ့ အကြီးဆုံး ဆေးကုမ္ပဏီကြီးတွေထဲမှာ တခု အပါအဝင် ဖြစ်ပြီး ဆေးဝါး စျေးကွက် တဟုန်ထိုး ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံမှာ အခြေစိုက် ပြီး ဆေးထုတ်လုပ်မှုကိုရော သုတေသနတွေကိုပါ လုပ်နေတာ ဖြစ်ပါတယ် ။

တကယ်လို့သာ ဒီလို အဂတိ လိုက်စားမှု ရှိတယ် ဆိုတာ အထောက်အထား ခိုင်လုံတယ် ဆိုရင်တော့ နိုင်ငံခြားတိုင်းပြည်တွေက အစိုးရ အရာရှိတွေကို လာဘ်ပေးတဲ့ အဂတိလိုက်စားမှု ဥပဒေအရ Glaxo Smith Kline ကုမ္ပဏီဟာ UK နိုင်ငံမှာ တရားစွဲခံရနိုင်ဘွယ် ရှိနေပါတယ်။