ကရာဒစ်ကို လူမျိုးတုန်း သတ်ဖြတ်မှု အတွက် စွဲချက်ပြန်တင်

Radovan Karadzic
Image caption Radovan Karadzic

Radovan Karadzicကိုလူမျိုးတုန်း သတ်ဖြတ်တဲ့ ထပ်မံစွပ်စွဲချက်ဟာ ၁၉၉၂ ခုနှစ် ဘော့စနီးယားစစ်ပွဲ အစမှာ ပြည်နယ်၇ခုက ဆဗ်မဟုတ်တဲ့လူမျိုးတွေကို မတော်မတရား သတ်ဖြတ်တာနဲ့ ပတ်သက်နေပါတယ်။

အခုလို ပြန်စွပ်စွဲလိုက်တဲ့အတွက် ကရာဒစ်ချ် အနေနဲ့မူလ စွဲချက်တွေအပြင် ဆဘရင်နီကာမှာ လူမျိုးတုန်း သတ်မှုလည်း အသစ်ပါဝင်ပါတယ်။ အဲဒီ ဒေသမှာ မွတ်စလင် ကလေးလူကြီး ၇၅၀၀ကျော် အသတ်ခံရပါတယ်။ အခုခုံရုံး ဆုံးဖြတ်ချက်ဟာ ဆဘရင်နီကာမှာ ၁၉၉၅ခု အစုလိုက်အပြုံလိုက်သတ်ခံရတဲ့ နောက်ထပ် ဖေါ်ထုတ်တွေ့ရှိသူတွေကို သင်္ဂြိုဟ်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အခုလို ပြင်ဆင်ချက် အသစ်မထွက်မီ သူ့ကို စစ်ရာဇဝတ်မှု လူသားတွေအပေါ် ရက်စက်စွာကျူးလွန်တဲ့ပစ်မှုအပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှု ၁၀ခုနဲ့ စွဲချက်တင်ထားပါတယ်။ အသစ်ထပ်စွဲတဲ့အထဲမှာ ဘော့စနီးယား မွတ်စလင်နဲ့ ကရိုအက်လူမျိုး ထောင်ပေါင်းများစွာကို သုံးနှစ်ကြာ စစ်ပွဲအစမှာ ဘော့စနီးယားကနေ မောင်းထုတ်တဲ့အတွက် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ စွဲဆိုတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ အထောက်အထား မခိုင်ဘူးဆိုပြီး တရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် မွတ်စလင်နဲ့ ခရိုအက်တွေကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့ ရည်ရွယ်တယ်ဆိုတာ အမှုလိုက်တွေဘက်က သက်သေ တင်နိုင်တယ်လို့ အယူခံခုံရုံး တရားသူကြီးတွေက ယုံကြည်ကြပါတယ်။

မူလတွေ့ရှိချက်က မှားယွင်းတဲ့အတွက် တရားစီရင်မှု ထိခိုက်ရတယ်လို့ တရားသူကြီး မီရွန်ကပြောပါတယ်။ ဘော့စနီးယား ဆဗ်ခေါင်းဆောင် ကရာဒစ်ချ်ဟာ ၁၃နှစ်ကြာ ရုပ်ဖျက်တိမ်းရှောင်နေပြီး ၂၀၀၈ခုနှစ်က ဘဲလ်ဂရိတ်မြို့မှာ ဖမ်းဆီးရမိပြီး The Hagueရှိ ကုလသမဂ္ဂရဲ့ ယူဂိုဆလားဗီးယားဆိုင်ရာ စစ်ခုံရုံးမှာတရားစွဲဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ