ဆန္ဒပြမှုတွေကြောင့် တရုတ် ယူရေနီယံ စီမံကိန်း ဖျက်

Image caption ယူရေနီယမ် ထုတ်လုပ်ရေး စီမံကိန်းအပေါ် လူတထောင် လောက် ဆန္ဒပြခဲ့ကြ

တရုတ်နိုင်ငံ တောင်ပိုင်း ဂျန်မန်းမြို့နားက ယူရေနီယံ ထုတ်လုပ်ရေး စက်ရုံ တခု ဆောက်ဖို့ စီမံကိန်းကို လူ ရာနဲ့ ချီ ဆန့်ကျင် ဆန္ဒပြခဲ့ အပြီး နောက် တနေ့ မှာပဲ အဲဒီ စီမံကိန်းကို ဖျက်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

ပေါင်စတာလင် ၄ ဘီလျံ၊ တရုတ်ယွမ် ၃၇ ဘီလျံ ကုန်ကျမယ့် အဲဒီ စီမံကိန်းဟာ တရုတ် နိုင်ငံမှာ လိုအပ်တဲ့ အနုမြူ စွမ်းအင် တဝက်လောက် အတွက် လောင်စာဆီ ထုတ်ပေး နိုင်မယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။

ဒီ စီမံကိန်းဟာ တရုတ် နိုင်ငံမှာ စွမ်းအင် အတွက် ကျောက်မီးသွေးကို အားထား နေရတာ လျှော့ချပြီး ဖြစ်ပြီး သန့်ရှင်းတဲ့ စွမ်းအင်ကို တိုးမြှင့် အသုံးပြုဖို့ နိုင်ငံ တဝန်း ကြိုးပမ်း နေမှုရဲ့ တစိတ် တပိုင်း ဖြစ်ပါတယ်။

ဒီစီမံကိန်း အပေါ် ဆန့်ကျင် ဆန္ဒပြမှုကို အင်တာနက် online ပေါ်ကနေ စီစဉ် ဆောင်ရွက် ခဲ့တာ ဖြစ်ပြီး ဂျန်မန်းမြို့ လမ်းမတွေ ပေါ် လူတထောင် နီးပါး ထွက် ဆန္ဒပြတဲ့ အထိ ကြီးထွား သွားခဲ့ တာပါ။

သံခမောက်ဆောင်း ရဲတွေနဲ့ ရင်ဆိုင် တွေ့ခဲ့ကြ ပေမယ့် ဆန္ဒပြ သူတွေက နျူကလီးယား အလို မရှိ၊ ကလေးတွေပဲ လိုချင်တယ်၊ နျူကလီးယားဒြပ်တွေ မလိုချင်ဘူးလို့ ကြွေးကြော် အော်ဟစ် ဆန္ဒပြ ခဲ့ကြ ပါတယ်။

ဒီ စီမံကိန်းကြောင့် အန္တရာယ် ရှိမရှိ စစ်ဆေး သုံးသပ်တဲ့ အစီရင်ခံ စာတခုကို ပြီးခဲ့တဲ့ July လ ၄ ရက်နေ့က ထုတ်ပြန်လိုက် အပြီး လူထုရဲ့ သဘောထား အမြင် တွေကို ဖိတ်ခေါ်ခဲ့ အပြီးမှာ အခုလို ဆန့်ကျင် ဆန္ဒပြမှုတွေ ပေါ်ထွက်ခဲ့ တာပါ။

ဒီလို အရေးပါ ကြီးမားတဲ့ စီမံကိန်းကြီး ကနေ ထွက်ပေါ် လာမယ့် ကောင်းကျိုး ဆိုးကျိုးတွေ အကြောင်း အခြေ အတင် ဆွေးနွေးဖို့ အချိန် အလုံ အလောက် မပေး ထားဘူး လို့ ဆန္ဒပြ သူတွေက ပြောပါတယ်။

လမ်းမပေါ် ထွက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး ၂၄နာရီ အကြာ မှာပဲ တရုတ် အစိုးရက လူထုရဲ့ သဘောထား အမြင်ကို လေးစား လိုက်နာတဲ့ အနေနဲ့ ဒီစီမံကိန်းကို ဆက် မလုပ် တော့ဘူးလို့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

ဒါပေမယ့် ဒီစီမံကိန်းကို လုံးဝ ရပ်ဆိုင်း လိုက်တာ မဟုတ်ပဲ ဆိုင်းငံ့ ထားလိုက် တာမျိုး ဖြစ်မှာကို ဆန္ဒပြသူ တချို့က စိုးရိမ် နေကြပါတယ်။

တရုတ် နိုင်ငံမှာ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ လူထု စိုးရိမ် ပူပန်မှုတွေ တနေ့ တခြား တိုးပွားလာ နေရာမှာ ၂၀၀၇ ခုနှစ် တုန်းကလည်း ရှီယာမင်း ကမ်းရိုးတန်း မြို့မှာ ဓါတု စက်ရုံ တခု ပိတ်ပေးခဲ့ ရသလို ၂၀၁၁ ခုနှစ် တုန်းကလည်း နိုင်ငံ အရှေ့မြောက်ပိုင်း ဒါလီယန် မြို့ မှာ အလားတူ စက်ရုံ တခု ပိတ် ပေးခဲ့ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ