ဗြိတိသျှစစ်သားတွေ အဆုံးစီရင်မှု များလာ

Image caption စစ်မှုထမ်းတွေ ဟာ တိုက်ပွဲ အနိဌာရုံ တွေ ကြောင့် စိတ် ဒဏ်ရာ ရတဲ့ ရောဂါ ဖြစ်ပြီး သတ်သေတာပါ

အာဖဂန် စစ်ပွဲ အတွင်း ၂၀၁၂ ခုနှစ် တုန်းက ဗြိတိသျှ စစ်သားတွေ ကျဆုံးခြင်းထက် ကိုယ့်ကိုယ်ကို အဆုံး စီရင်ခြင်း ပိုများတဲ့ အကြောင်း ဘီဘီစီ Panaroma အစီ အစဉ် ရဲ့ စုံစမ်းတွေ့ရှိ ချက် အရ သိရပါတယ်။

စစ်တပ်ထဲ အမှုထမ်းဆဲ စစ်မှုထမ်း ၂၁ ဦး နဲ့ စစ်မှုထမ်းဟောင်း ၂၉ ဦး ပြီးခဲ့တဲ့ နှစ်က မိမိကိုယ်ကို အဆုံးစီရင်ကြ ပါတယ်။ အာဖဂန် စစ်ပွဲ အတွင်း သေဆုံးမှု ၄၄ ဦး အနက်၊ တိုက်ပွဲမှာ ကျသူက ၄၀ ရှိပါတယ်။

ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာန ကတော့ စစ်မှုထမ်းတွေ ဟာ PTSD ခေါ် တိုက်ပွဲ အနိဌာရုံ တွေ ကြောင့် စိတ် ဒဏ်ရာ ရတဲ့ ရောဂါ ဖြစ်ပြီး အခုလို သတ်သေ နှုန်းထား မြင့်ပေမယ့်၊ သာမန် အရပ်သား တွေ သတ်သေတဲ့ နှုန်းထား က ဒီထက်ပိုများ တယ်လို့ ဆိုပါတယ်။

အမေရိကန် စစ်တပ်ထဲ မှာလည်း အလားတူ PTSD ကြောင့် သတ်သေ သူတွေရှိ ပေမယ့် သူတို့ က စာရင်းပြုစု ထားပါတယ်။ ဗြိတိသျှ စစ်တပ် မှာ မရှိပါဘူး။

ဒါကြောင့်မို့ ဗြိတိသျှ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး Sir Richard Dannant က စစ်မှုထမ်းတွေ သတ်သေ စာရင်း ကို စောင့်ကြည့် လေ့လာသင့် ကြောင်း အကြံပြု လိုက် ပါတယ်။

အခုလို သတ်သေ သွားတဲ့ စာရင်းဝင် ဒုဗိုလ် Dan Collins ရဲ့ မိခင် က သူသား ရဲ့ အခြေ အနေ တွေ ကို ပြောပြ ရာမှာ Afghan စစ်ပွဲ မှာ နှစ်ကြိမ် အပစ်ခံရ ဖူးကြောင်း၊ တကြိမ်က ဆိုရင် လမ်းဘေး ထောင်ထားတဲ့ ဗုံး ဒဏ်ကြောင့် ထိခိုက် ဒဏ်ရာ ရခဲ့ပုံ၊ စစ်ပွဲ က ပြန်လာတဲ့ အခါ မှာ လူ့ဘဝ ကြီးဟာ ငရဲနဲ့ တူလို့ သူ ထွက်သွားချင် တဲ့ အကြောင်း တွေ ပြောပြတတ် တာ ကို ဘီဘီစီ ကို ရှင်းပြ ပါတယ်။ သူ့မျက်စိ ရှေ့ သူ့ သူငယ်ချင်းတွေ ဗုံးပေါက်ကွဲမှု အတွင်း တစစီ လွင့်ပြီး သေဆုံးပုံ လည်း မိခင် ကို ပြောဖူးပါတယ်။

စိတ်ရောဂါကု ဆရာဝန် DR Claudia Herbert ကတော့ PTSD ကြောင့် သတ်သေမှု ဖြစ်စေတယ် လို့ တပ်အပ် မဆိုနိုင် ပေမယ့် စစ်မှုထမ်း တဦး ဟာ ပုံမှန် အခြေ အနေ မဟုတ်တော့ ဘူး ဆိုတာ ကို သတိပြု မိရင်တော့ သူ့ ကို ကြပ်ကြပ် မတ်မတ် စစ်ဆေးပြီး ကုသမှု ပြုသင့်တယ် လို့ အကြံပြုပါတယ်။

ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာန ဘက်ကလည်း တဦးချင်း အခြေ အနေ အပေါ် ကောက်ချက် မချလို ပေမယ့် စိတ်ပိုင်း ဆိုင်ရာ ဒဏ်ရာ ရသူတွေ အတွက် တာဝန် ယူ ကုသ ပေးနိုင်အောင် ဘတ်ဂျက်ငွေ စတာလင် ပေါင် ၇ ဒဿမ ၄ သန်း ချထား ပေးပြီးကြောင်း ဘီဘီစီ ကို ပြောပြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ