လူမည်း လူငယ် ပစ်သတ်မှု ကန်မှာ ကန့်ကွက်

George Zimmerman
ဓာတ်ပုံ ပုံစာ,

Zimmerman လက်စားချေ ခံရနိုင်

လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် ကို ပစ်သတ်မှု အတွက် အမေရိကန် ရပ်ကွက် အကျိုးဆောင် ကို တရားသေ လွှတ်ပေးခဲ့မှု အပေါ် ကျေအေး ကြဖို့ အမေရိကန် သမ္မတ အိုဘားမားက ပန်ကြား ခဲ့ပါတယ်။

သူ့မှာသာ သားရှိရင် Trayvon Martin အရွယ် ရှိမှာပဲ အစချီပြီး သေဆုံးသူ လူငယ်ရဲ့ မိဘ တွေကို ရည်ညွှန်း ပြီး မစ္စတာ အိုဘားမားက ပြောကြားပါတယ်။

George Zimmerman ကို လွှတ်ပေးမှု အတွက် မကျေနပ် ချက်တွေ တိုးမြင့် နေမှာ ဖြစ်ပေမယ့် အမေရိကန် ဆိုတာ ဥပဒေနဲ့ စည်းမျဉ်းနဲ့ အုပ်ချုပ်တဲ့ တိုင်းပြည် ဖြစ်ပြီး ဂျူရီ လူကြီး တွေရဲ့ ဆုံးဖြတ်မှု ကလည်း အရေးကြီးကြောင်း သူက ဆိုပါတယ်။

Zimmerman အပေါ် တရားမမှုနဲ့ အမှုဖွင့် စွဲဆိုလို့ ရသလား စုံစမ်း နေကြောင်း အမေရိကန် တရားရေး ဌာနက ပြောပါတယ်။

Zimmerman ကတော့ သူ့ကိုယ်သူ ခုခံ တဲ့ အနေနဲ့ Trayvon Martin ကို ဖလော်ရီဒါ ပြည်နယ်က လုံခြုံရေး ချထားတဲ့ အိမ်ရာ တခုမှာ မနှစ်က ပစ်သတ် ခဲ့တာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

သူ့ကို လူသတ်မှုနဲ့ တရားစွဲ ထားရာက တရားသေ လွှတ်ပေးလိုက် ပေမယ့်လည်း လွတ်လွတ် လပ်လပ် အန္တရာယ် မရှိဘဲ သူနေနိုင်ပါ့မလား စိုးရိမ် နေကြပါတယ်။

ဒီဖြစ်ရပ်ဟာ လူမျိုးရေး ခွဲခြားမှု အဖြစ် အမေရိကန်နိုင်ငံ တဝန်း ကျယ်ပြန့် သွားခဲ့ တာကြောင့် Zimmerman လက်စားချေ ခံရနိုင်တယ်လို့ သူ့ရှေ့နေက သတိပေး ထားကြောင်း သူ့အကို ဖြစ်သူ ရောဘတ်က ပြောပါတယ်။ အရင် အိမ်နီးချင်းတွေ ကလည်း သူ့ကို စောင့်ကြည့် နေကြတယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယား မြို့ကြီး သုံးမြို့မှာတော့ သူ့ကို ပြန်လွှတ် ပေးတဲ့ အပေါ် ကန့်ကွက် ဆန္ဒပြ ကြပြီး ဆန္ဒပြသူတွေက ဒေါသ ဖြစ်နေ ကြပါတယ်။