ဘင်္ဂလားဒေ့ရှ် အစ္စလာမစ်ခေါင်းဆောင်ကို စီရင်ချက်ချ

Image caption အသက်အရွယ်အရ ငဲ့ညှာပြီး ဂူလမ် အဇမ်ကို သေဒဏ် အပြစ်မပေးခဲ့တာလို့ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့စဉ် လွန်ခဲ့တဲ့ နှစ်၄၀ကျော်ကာလတုန်းက ပါကစ္စတန် တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေမှာ ပါဝင်ခဲ့မှုနဲ့ ဝါရင့်အစ္စလာမစ် ခေါင်းဆောင်ကြီးတဦးကို ပြစ်မှု ထင်ရှားကြောင်း ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်ရုံးက စီရင်ချက်ချလိုက်ပါတယ်။

အသက်၉၀အရွယ် ရှိပြီ ဖြစ်တဲ့ ဂူလမ် အဇမ် ဟာ လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေ အပါအဝင် စွဲချက် ၅ခုစလုံးကို ပြစ်မှု ထင်ရှားကြောင်း စီရင်ချက် ချခံခဲ့ရပါတယ်။

တရားရုံးက သူ့ကို ထောင်ဒဏ် နှစ်၉၀ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

မစ္စတာ အဇမ်ကတော့ သူ့အပေါ် စွဲဆိုထားချက်တွေကို ငြင်းဆိုထားပြီး သူ့ကို အခုလို စွဲချက်တင် ပြစ်ဒဏ်ပေးတာဟာ နိုင်ငံရေးအရ ဆက်နွယ် ပတ်သက်မှု ရှိနေတယ်လို့ သူ့ကို ထောက်ခံအားပေးသူတွေက ပြောပါတယ်။

ဒီရုံးတင် စစ်ဆေးမှုကို နိုင်ငံတဝှမ်း ကန့်ကွက် ဆန္ဒပြကြဖို့ သူ့ရဲ့ဂျာမက်တ် အီး အစ္စလာမီ ပါတီက လှုံ့ဆော်ထားပါတယ်။

ဒက္ကာမြို့နဲ့ နိုင်ငံတဝှမ်း တခြားနေရာတွေမှာ အစ္စလာမစ် လှုပ်ရှားတက်ကြွသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။

၁၉၇၁ခုနှစ် က ပါကစ္စတန်နိုင်ငံထံကနေ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့စဉ်တုန်းက ပါကစ္စတန် စစ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းခဲ့သူတွေလို့ စွပ်စွဲခံထားရသူတွေကို အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက စစ်ရာဇဝတ် ခုံရုံး ဖွဲ့ပြီး ကြားနာစစ်ဆေးနေတာ ဖြစ်ပါတယ်။