အိန္ဒိယ ကလေးငယ်တွေ ကျောင်းနေ့လည်စာ စားပြီး သေဆုံး

Image caption ကလေး မိဘတွေ စိုးရိမ် သောက ရောက်ကြသလို ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိခဲ့

အိန္ဒိယနိုင်ငံ ဘီဟား ပြည်နယ်မှာ ကျောင်း တကျောင်းက ကျွေးတဲ့ အခမဲ့ နေ့လည်စာကို စားခဲ့တဲ့ ကလေး ၄၇ ယောက် အနက် ၂၂ ယောက် အသက်ဆုံးရှုံးခဲ့ပြီး ကျန်တဲ့ ကလေး တွေလည်း နာမကျန်း ဖြစ်ကုန်တာကြောင့် မိဘတွေနဲ့ အများပြည်သူတွေက ဒေါသူပုန် ထနေကြပါတယ်။

မိဘတွေနဲ့ အတူ ရွာသူရွာသား ရာပေါင်းများစွာက ဆန္ဒပြကန့်ကွက်ကြသလို ရဲကားတွေကိုလည်း မီးတင်ရှို့ခဲ့ပါတယ်။ ဆန္ဒပြသူတွေထဲမှာ တုတ်တွေ ကိုင်ဆောင်ထားသူတွေလည်း ရှိကြပြီး ကားလမ်း ရထားလမ်းတွေကိုလည်း ပိတ်ဆို့ထားခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ကလေး စုစုပေါင်းရဲ့ တဝက်လောက်ဟာ အစားအသောက် အဟာရ ချို့တဲ့ ကြသလို ကျောင်းတက်ဖို့ အခက်အခဲလည်း ရှိကြပါတယ်။

ဒီလို ကလေးငယ် တွေရှိတဲ့အတွက် အခမဲ့ နေ့လည်စာ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ ကလေးတွေ ကျောင်းနေနိုင်ရေး စာမတတ်သူ ပပျောက်ရေး စီမံကိန်းရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအခမဲ့ နေ့လည်စာ အစီအစဉ်မှာ ကလေးတွေရဲ့ စားစရိတ်ကို ကြားက ဖြတ်စား တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။

အခု ဒီကလေး တွေ သေဆုံးရတဲ့ အကြောင်းကို စမ်းသပ် စစ်ဆေးတဲ့ အခါမှာတော့ အစာအဆိပ် သင့်လို့ သေဆုံးရတာ မှန်ကန်ကြောင်း ဆရာဝန်တွေက ပြောခဲ့တယ် လို့ ပြည်နယ် ပညာရေး ဝန်ကြီး ပီကေ ရှာဟိ က အတည်ပြု ပြောကြားပါတယ်။ ကလေးတွေကို ခွဲစိတ် ကြည့်တဲ့အခါ ထွက်ပေါ်လာတဲ့ အနံ့အသက် အရ အစာထဲမှာ အဆိပ် ဖြစ်စေတဲ့ ဖော့စဖရပ် ဓါတ်ပေါင်း ပါဝင်နေကြောင်း သိရတယ်လို့ စစ်ဆေးတဲ့ ဆရာဝန်တွေက ပြောပါတယ်။

အဲဒီဖော့စဖရပ် ဓါတ်ပေါင်းဟာ အစားအသောက်ထဲမှာ မတော်တဆ ပါသွား တာလား၊ တမင် ထည့်လိုက်တာလား ဆိုတာကို စုံစမ်း စစ်ဆေး သွားမယ်လို့ ပြည်နယ် ပညာရေး ဝန်ကြီးက ပြောပါတယ်။

ဖော့စဖရပ် ဓါတ်ပေါင်း ကတော့ သီးနှံ အတွက်သုံးတဲ့ ပိုးသတ်ဆေးတို့၊ ကြွက်သတ်ဆေးတို့ ထဲမှာ ပါဝင်တတ်တဲ့ ဓါတ်ပေါင်းဖြစ်ပါတယ်။

ထမင်းချက် အမျိုးသမီးက ဟင်းချက်ဖို့ ဝယ်လာတဲ့ ဆီကို မသင်္ကာလို့ တာဝန်ကျ ကျောင်းဆရာမကို ခေါ်ပြခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဆရာမက အဲဒီဆီကို အိမ်မှာထုတ်လုပ်တဲ့ ဆီဖြစ်တယ်၊ စိတ်ချရတယ်လို့ ပြောတာကြောင့် သုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆီဟာ တာဝန်ကျ ဆရာမရဲ့ ခင်ပွန်းဖြစ်သူ ပိုင်တဲ့ ကုန်စုံဆိုင်ကနေ ဝယ်ခဲ့တာ ဖြစ်ပြီး အခုအခါမှာ အဲဒီ ကုန်စုံဆိုင် ပိုင်ရှင် ခင်ပွန်းကတော့ ရှောင်တိမ်းနေပါတယ်။ ဒီကိစ္စဟာ ပေါ့ဆလို့ ဖြစ်တာလား၊ ရည်ရွယ်ချက်ရှိရှိ လုပ်တာလား ဆိုတာကို စုံစမ်း စစ်ဆေးမှု စနေပြီ ဖြစ်ပြီး ပန်းကန် ခွက်ယောက်တွေကိုရော အစားအစာ အကျန် တွေကိုရော အခု အထူး စုံစမ်းရေး အဖွဲ့က သိမ်းထားလိုက်ပြီလို့ ပြည်နယ် တရားသူကြီး ချပ်ပရာက ပြောပါတယ်။

နေ့လည်စာ အခမဲ့ ကျွေးတဲ့စနစ်ကို အိန္ဒိယတောင်ပိုင်း ချန်နိုင်းမြို့မှာ ၁၉၂၅ ခုနှစ်က စတင်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။