Trayvon Martin အမှုအပေါ် အိုဘားမား ပထမဆုံးအကြိမ် တုန့်ပြန်

Image caption လူမျိုးရေးနဲ့ ပတ်သက်တဲ့ အမြင်တွေအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်လို့ အိုဘားမား ပြော

အမေရိကန်နိုင်ငံမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် လူငယ် Trayvon Martinကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ George Zimmerman အပြစ်ကနေ တရားသေ လွတ်ခဲ့အပြီး သီတင်း တပတ် အကြာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ သမ္မတ အိုဘားမားက အမေရိကန် ပြည်ထောင်စု အနေနဲ့ ကိုယ့်ကိုကိုယ် အသေအချာ ပြန်လည် စစ်ဆေး သုံးသပ်စရာ တချို့ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

အဲဒီ အမှုကြောင့် လူမျိုးရေးနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှု ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံ တဝှမ်း အချေအတင် ဆွေးနွေး ငြင်းခုံစရာတွေ ပေါ်ပေါက်ခဲ့ရပါတယ်။

ဒီအမှုအပေါ် ချမှတ်ခဲ့တဲ့ စီရင်ချက်ကြောင့် အနည်းဆုံးတော့ အမေရိကန် နိုင်ငံသား အာဖရိကန်လူမျိုးအသိုင်းအဝိုင်းအတွင်းမှာ ဒေါသအမျက်တွေ၊ နာကျည်းမှုတွေ ပေါ်ပေါက်ခဲ့ရကြောင်း၊ ဒီလို ဖြစ်ရတာဟာလည်း အတိတ်ကသမိုင်း ဖြစ်စဉ်တွေ ရှိခဲ့တာကြောင့် ဆိုတာကို လက်ခံ သဘောပေါက်ဖို့ အရေးကြီးကြောင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

အခုလို Trayvon Martin သေဆုံး ခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့ ထိပ်တိုက် ရင်ဆိုင်မှု မျိုးကို တကယ်တမ်း အားပေး အားမြှောက် ပြုနိုင်ဘွယ် ရှိတဲ့ တချို့ ပြည်နယ်က စည်းမျဉ်း ဥပဒေတွေကို ပြန်စစ်ဆေး သုံးသပ်ရင် ကောင်းလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။