အမေရိကန် မြို့ပေါင်း ၁၀၀ ကျော်မှာ ဆန္ဒပြမှုတွေ ဖြစ်နေ

Image caption ဆန္ဒပြမှုတွေ မြို့ကြီး တရာကျော်မှာ ဖြစ်ပွား

အမေရိကန်နိုင်ငံမှာ အရပ်ဘက် ရပ်ကွက် လုံခြုံရေးကနေ လူငယ်တစ်ဦးကို ပစ်သတ်ခဲ့ပေမယ့် တရားရုံးက လွှတ်ပေးလိုက်တာနဲ့ပတ်သတ်လို့ လူတွေက မကျေမနပ်ဖြစ်ပြီး မြို့ပေါင်း ၁၀၀ ကျော်မှာ ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ် နှစ်ဆန်းပိုင်းတုန်းက လက်နက်မပါတဲ့ ၁၇ နှစ်အရွယ် လူမည်းအမျိုးသားတစ်ဦးကို ရပ်ကွက် လုံခြုံရေး လုပ်အားပေး George Zimmerman က ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ သတင်းပတ်ကတော့ ဖလော်ရီဒါ ခုံရုံးအဖွဲ့က သူဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပစ်ခတ်ခဲ့တာ ဆိုပြီး တရားသေ လွှတ်ပေးလိုက်ပါတယ်။

ဒါကြောင့် လူ့ထုရဲ့ ရပိုင်ခွင့် အခွင့်အရေး ဆိုင်ရာ စည်းရုံး လှုပ်ရှားသူတွေက စုရုံး ဆန္ဒပြ နေကြတာ ဖြစ်ပါတယ်။

သူတို့ဟာ အကြမ်းဖက်လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ဖို့ လှုံဆော်တာ ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီဖြစ်ရပ်နောက်ပိုင်းမှာ အမေရိကန်တဝန်းမှာ လူမျိုးရေးဆိုင်တဲ့ ငြင်းခုံဆွေးနွေးပွဲတွေ ရှိခဲ့သလို၊ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းနဲ့ဆိုင်တဲ့ ဥပဒေတွေ အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။

သမ္မတ အိုဘားမားကတော့ သူ့အနေနဲ့ လူအများခံစားနေရတာကို သဘောပေါက်နားလည်ကြောင်း၊ အမေရိကန်အနေနဲ့ ဒီသတ်ဖြတ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို စိစစ်သုံးသပ်ဖို့ လိုကြောင်းလည်း ပြောပါတယ်။

သမ္မတရဲ့ မိန့်ခွန်းအပေါ် ကွယ်လွန်သူ Trayvon Martin ရဲ့ မိဘတွေက ကြိုဆိုလိုက်ပါတယ်။

တရားရုံး ဆုံးဖြတ်ချက်က ဒီမှာတင် ရပ်သွားမှာ မဟုတ်ပါဘူး ၊ လှုံဆော်လှုပ်ရှားမှုတစ်ခုလုပ်ဖို့ ကဏ္ဍသစ်တစ်ခုအနေနဲ့ ဖြစ်လာပါပြီ ၊ ကျွန်မတို့အနေနဲ့ နာကျင်ကြေကွဲရ၊ စိတ်ပျက်ရတာတွေ ရှိပေမယ့် ဆက်လက် တိုက်ပွဲဝင်ဖို့လည်း အားတင်းထားကြတယ်လို့ မိခင်ဖြစ်သူ Sybrina Fulton က နယူးယော့ခ်မြို့က ဆန္ဒပြပွဲမှာ ဆိုပါတယ်။

အမေရိကန် တဝန်း လူတွေကတော့ George Zimmerman တရားသေ လွတ်သွားတဲ့အပေါ် လူ့အခွင့်အရေးရှု့ထောင့်ကနေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ဖိအားပေး တောင်းဆိုနေကြပြီး ဒီပြဿနာနဲ့ပတ်သက်လို့ နောက်ဆုတ်မှာ မဟုတ်ဘူးလို့လည်း ဆိုနေကြပါတယ်။