ကိုရီးယားစစ် ရပ်ဆိုင်း ခဲ့တဲ့ နှစ် ၆၀ ပြည့် အခမ်းအနား

Image caption စစ်ပြီးဆုံး ခဲ့တာ အနှစ် ၆ဝ ပြည့်ပြီ ဖြစ်ပေမယ့် ငြိမ်းချမ်းရေး မရနိုင်ပဲ စစ်ရဲ့ ရိုက်ခတ် မှုတွေ က ရှိနေဆဲ

၁၉၅၃ ခုနှစ်က စစ်ရပ် ဆိုင်းရေး စာချုပ်ချုပ် ဆိုပြီး၊ ကိုရီးယား စစ်ပွဲ အဆုံးသတ် ခဲ့တဲ့ နှစ် ၆၀ ပြည့် အခမ်း အနား အဖြစ် မြောက်ကိုရီး ယား နိုင်ငံ မြို့တော် ပြုံယမ်းမှာ ကြီးမား လှတဲ့ စစ်ရေးပြ အခမ်း အနားကြီး ကျင်းပခဲ့ ပါတယ်။

မြောက်ကိုရီးယာ ခေါင်းဆောင် ကင်ဂျုံးအွန်း ဟာ တပ်ရင်း တပ်ဖွဲ့ အမြောက် အများ ချီတက် အလေးပြုတာတွေ၊ တင့်ကား တပ်ခွဲတွေနဲ့ ရွေ့လျား မစ်ဇိုင်းဒုံး ပစ်စင်တွေ စစ်ချီ လာပြီး၊ တိုင်းပြည်ရဲ့ စစ်အင်အား အတိုင်းအဆကို ဖေါ်ပြတဲ့ ဒီ စစ်ရေးပြ အခမ်း အနားကို ကြည့်ရှုခဲ့ပါတယ်။ တရုတ် ဒုသမ္မတ လီယူအမ်ချောင်း လည်း အခမ်း အနားကို တက်ရောက်ခဲ့ပါတယ်။

စစ်ပြီးဆုံး ခဲ့တာ အနှစ် ၆ဝ ပြည့်ပြီ ဖြစ်ပေမယ့် ငြိမ်းချမ်းရေး မရနိုင်ပဲ စစ်ရဲ့ ရိုက်ခတ် မှုတွေ က ရှိနေဆဲ ဖြစ်ပါတယ်။

ကိုရီးယား စစ်ဟာ ဒုတိယ ကမ္ဘာစစ် အပြီး ကမ္ဘာ့ မျက်နှာစာမှာ စစ်အေး ဆိုတဲ့ အုပ်စု ၂ ဘက် တင်းမာမှုကြီး ကို စစ်ပူ အဖြစ် ပြောင်းလဲ တိုက်ခိုက် ခဲ့တဲ့ စစ်ပွဲကြီး ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက် အုပ်စု နိုင်ငံကြီး တွေက သူတို့ သြဇာခံ နိုင်ငံ ငယ်တွေ အချင်းချင်း စစ်ပြိုင်ဆိုင် မှုတွေမှာ နောက်ကနေ မီးကုန် ယမ်းကုန် ထောက်ပံ့ စစ်ခင်း ကြတာ ဖြစ်ပါတယ်။

ကိုရီးယား စစ် ဆိုပေမယ့်လည်း တရုတ်နဲ့ အမေရိကန် မဟာမိတ် တပ်တွေ အဓိက စစ်ခင်းကြတာ ပါ။ ဒီစစ်ကြီး ပြီးတာ အနှစ် ၆ဝ ရှိနေ ပေမယ့် ခုထက်ထိ ကိုရီးယား နှစ်နိုင်ငံ စေ့စပ် ကျေအေး နိုင်မယ့် လက္ခဏာတွေ မတွေ့ရ သေးဘဲ စစ်ရေး သံတမန်ရေး တင်းမာ မှုတွေက ဆိုးရွား နေတုန်း ဖြစ်ပါတယ်။

နိုင်ငံရေး စနစ်ချင်း တောင်နဲ့ မြောက် သိသိ သာသာ ကွာခြား လှတဲ့ ဒီ ၂ နိုင်ငံမှာ စီးပွားရေး လူမှုရေး အခြေ အနေ တွေက သိသိ သာသာ ကွာခြား လွန်းလှတာမို့ စီးပွားရေး နိမ့်ကျပြီး စစ်အင်အား ကြီးမားတဲ့ မြောက်ကိုရီးယားက စစ်ရေး စမ်းသပ် မှုတွေနဲ့ ကြွယ်ဝတဲ့ တောင်ကိုရီးယား ဘက်ကို ဖိအားပေး ခြိမ်းခြောက် တာတွေ ဖြစ်ပွား နေဆဲပါ။

စစ်ပြေငြိမ်း အမှတ်တရ စစ်ရေးပြ အခမ်းအနားတွေ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ ကျင်းပ နေချိန်မှာပဲ အသက် ၈၆ နှစ် အရွယ် မြောက် ကိုရီးယား စစ်ပြန်ကြီး Jang Jong-hwan ကတော့ ခုထိ ကျူးကျော် ရန်စ နေတဲ့ အမေရိကန် တွေကို ပြန်တိုက်ဖို့ အသင့်ပဲလို့ ကြုံးဝါး နေဆဲ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတ PARK GEUN-HYE ကတော့ ကိုရီးယား ၂ ပြည်ထောင် အကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရယူ နိုင်ကြဖို့ ဆိုးလ် မြို့တော်က စစ်ပြေငြိမ်း အမှတ် တရ ဆုတောင်းပွဲမှာ တောင်းဆို သွားပါတယ်။

ကမ္ဘာပေါ်မှာ ဗီယက်နမ်၊ ဂျာမနီ၊ ယီမင် စတဲ့ နှစ်ခြမ်းကွဲ နိုင်ငံတွေ ပြန်လည် ပေါင်းစည်း နိုင်ပေမယ့်လည်း ကိုရီးယား ၂ နိုင်ငံ ရင်ကြားစေ့ နိုင်ဖို့ ကတော့ အလှမ်းဝေး နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ