ကမ္ဘောဒီးယား အာဏာရပါတီ အနိုင်ရနေ

ကမ္ဘောဒီးယား ပြည်သူတွေမဲပေးနေစဉ်
Image caption ကမ္ဘောဒီးယား ပြည်သူတွေမဲပေးနေစဉ်

ကမ္ဘောဒီးယားနိုင်ငံအထွေထွေရွေးကောက်ပွဲ မဲပေးမှုတွေ ဒေသစံတော်ချိန် ညနေသုံးနာရီမှာ မဲရုံတွေပိတ်ခဲ့ပါတယ်။ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီက အခုအခါ အမတ်နေရာ ၆၈နေရာ ရနေပြီး အတိုက်အခံက အမတ်၅၀ ရနေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မီတီက အတည်ပြုရဦးမှာ ဖြစ်ပါတယ်။ အတိုက်အခံ ကမ္ဘောဒီး ယားအမျိုးသား ကယ်ဆယ်ရေး ပါတီကတော့ မဲလိမ်မှုတွေ အများအပြား ရှိတယ်လို့ စွပ်စွဲလိုက်ပါတယ်။ အမျိုးသား ရွေးကောက်ပွဲကော်မီတီကတော့ မဲစာရင်းမှာ ဘာပြဿနာမှ မရှိဘူးလို့ အခိုင်အမာ ပြောပါတယ်။

နှစ်ပေါင်း၃၀နီးပါး နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ဝန်ကြီးချုပ်တာဝန်ကို ဆက်လက်ယူလိုကြောင်းပြောပါတယ်။

ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာမီက နိုင်ငံကိုပြန်လာခွင့် ရတဲ့အတိုက်အခံ ခေါင်းဆောင် Sam Rainsyက မဲပေးခွင့်မရပါဘူး။ သူ့ပါတီနားက မဲရုံကိုသွားတဲ့အခါ သူ့ကိုထောက်ခံသူတွေ သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။

လက်ရှိ အာဏာရပါတီက ကျေးရွာတွေမှာ ထောက်ခံသူများပြီး ဒီလိုလူကြိုက်များရတာကတော့ ခမာနီတွေကြောင့် ပျက်စီးသွားတဲ့ စီးပွားရေးကို သူ့အစိုးရက ပြန်ကောင်းအောင်လုပ်နိုင်လို့ဖြစ်ပါတယ်။

အတိုက်အခံ ပါတီကလည်း အမတ်နေရာ အနိုင်ရအောင် ကြိုးပမ်းနေပြီးနိုင်ငံရေး အပြောင်းအလဲတွေလုပ်ဖို့ကြိုးစားမယ်လို့ပြောပါတယ်။

၂၀၁၀ တုန်းက Rainsyကို မျက်ကွယ်မှာ ထောင်ဒဏ် ၁၁နှစ်ချခဲ့ပြီး ဒါဟာ နိုင်ငံဦးတည်ချက်နဲ့လုပ်တာလို့ သူကပြောပါတယ်။ အသက်ငယ်တဲ့ လူတွေက အတိုက်အခံ မဲရဖို့ အထောက်အကူ ပြုနိုင်တယ်လို့ အကဲခတ်တွေက ပြောနေပေမယ့် တိုင်ပြည်ရဲ့ မီဒီယာ အားလုံးနီးပါးကို အစိုးရက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ