၃နှစ်ရပ်ထားတဲ့ အစ္စရေး ပါလက်စတိုင်း ဆွေးနွေးပွဲပြန်စ

အစ္စရေးက အကျဉ်းသားလွှတ်ရေး ဆုံးဖြတ်
Image caption အစ္စရေးက အကျဉ်းသားလွှတ်ရေး ဆုံးဖြတ်

အစ္စရေးနဲ့ ပါလက်စတိုင်း တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ခဲ့တာဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီရဲ့ လအတန် ကြာအောင် ကြိုးစားခဲ့တဲ့ သံတမန်ရေး စွမ်းဆောင်မှု တွေကြောင့်လို့ပဲ ပြောရမှာပါ။

အစ္စရေး ဘက်က ပါလက်စတိုင်း အကျဉ်းသား ၁၀၄ ယောက်ကို လွှတ်ပေးဖို့အတွက် ကက်ဘိနက်ထဲမှာ မဲခွဲ ဆုံးဖြတ် ခဲ့ အပြီး မကြာခင်မှာပဲ အခု ကြေညာချက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ကယ်ရီက ဒီအကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ ပါလက်စတိုင်း သမ္မတ မာမုဒ် အာဘတ်စ် တို့ကို တနင်္ဂနွေ နေ့က ဆက်သွယ် ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

ခေါင်းဆောင် ၂ ဦးစလုံးကလည်း လာမယ့် အနာဂတ် ကာလမှာ ဆွေးနွေးပွဲတွေ ဆက်လုပ် သွားဖို့ ပဏာမ ခြေလှမ်းအဖြစ် ဒီလို တွေ့ဆုံ ကြဖို့ သဘောတူခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ အခုလို တွေ့ဆုံကြမယ့် အခါမှာ အစ္စရေး ဘက်က တရားရေး ဝန်ကြီး ဇစ်ပီ လစ်ဗနီက ခေါင်းဆောင် မှာဖြစ်ပြီး ပါလက်စတိုင်း ကိုယ်စားလှယ် တွေကိုတော့ စေ့စပ်ရေးမှူး ဆယက် အဲရာခက်က ခေါင်းဆောင် လာမှာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေ ထဲမှာ အနောက်ဘက်ကမ်း ဒေသတွေမှာ အစ္စရေး တွေ အတွက် အခြေချ အိမ်ရာ တည်ဆောက် နေတဲ့ ကိစ္စတွေ ၊ ဂျေရုဆလင်ရဲ့ အနေအထားနဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေရဲ့ အရေးတွေက အဓိက ဖြစ်ကြပါတယ်။ ဒီအနောက်ဘက်ကမ်းက အစ္စရေး ရွေ့ပြောင်း အိမ်ရာတွေက နိုင်ငံတကာ ဥပဒေတွေအရ တရားမဝင်ပါဘူး။ ဒါကို အစ္စရေး ဘက်က အငြင်းပွား ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၀ စက်တင်ဘာလ ထဲက ဒီကိစ္စကို ရပ်ထားခဲ့ကြပါတယ်။

မစ္စတာ ကယ်ရီကတော့ အခုလို ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ အတွက် နှစ်ဘက် ခေါင်းဆောင် တွေဟာ အခက်အခဲတွေ ရှိနေခဲ့ပေမယ့် လိုလိုလားလားနဲ့ ဖြစ်အောင် ဆုံးဖြတ်ခဲ့ကြတဲ့အတွက် သူတို့ရဲ့ ခေါင်းဆောင်မှုတွေကို အသိအမှတ် ပြုတယ်လို့တောင် ပြောခဲ့ပါတယ်။ မစ္စတာ ကယ်ရီကိုယ်တိုင်ကလည်း သူ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် စပြီး တာဝန် ထမ်းဆောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၅ လလောက်က စလို့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ရေးအတွက် ဒေသတွင်းကို ၆ ကြိမ်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက် ကေတီ ဝပ်ဆင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ