ရှန်ဟိုင်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း အပူဆုံးဖြစ်နေ

china_heat wave
Image caption အပူရှိန်ကြောင့် ပင်ပန်းနွမ်းနယ်ကြရ

ရှန်ဟိုင်းမြို့မှာ အပူလှိုင်း ကြောင့် နှစ်ပေါင်း ၁၄၀ အတွင်း အပူဆုံး ဒဏ်ခံနေရပြီး အနည်းဆုံး လူ ၁၀ ယောက် သေဆုံး ခဲ့ပါတယ်။

ရှန်ဟိုင်းမြို့နေ လူထုတွေဟာ အအေးစက် ဖွင့်ထားတဲ့ စျေးဆိုင်ခန်းတွေမှာပဲ စျေးသွားဝယ်နေကြသလို ရေလွှာ ဥယျာဉ်တွေမှာလည်း လူတွေနဲ့ ပြည့်နှက်နေပါတယ်။

အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်နိုင်မယ် လို့ ခန့်မှန်းထားပြီး အနည်းဆုံး ပြည်နယ် ၉ ခု လောက်မှာ အပူချိန် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အပူချိန် မြင့်မြင့်မားမား ခံစားနေရတဲ့ ပြည်နယ် တွေထဲမှာ ရှန်ဟိုင်းအပြင် အန်ဟွေး၊ ဂျန်းစု၊ ဟူနန်၊ ဟူဘေး၊ ချုံချင့် တို့ အပါအဝင်ဖြစ်ပါတယ်။

ရာသီဥတု အပူချိန် လွန်ကဲမှုကြောင့် လယ်ယာစိုက်ခင်းတွေ ထိခိုက် ပျက်စီးခဲ့ပြီး နေရာဒေသတချို့မှာ သောက်သုံးရေတွေ ယာယီ ပြတ်လပ် သွားခဲ့ပါတယ်။