အကြမ်းဖက် အန္တရာယ် အမေရိကန် သတိပေး

US Terror Alert
Image caption အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အထဲမှာ ခရီးသွားလမ်းကြောင်းတွေလည်း ပါဝင်တယ်လို့ ဆို

အမေရိကန် နိုင်ငံသားတွေကို အယ်လ်ခိုက်ဒါးအဖွဲ့၊ နောက်ပြီး သူနဲ့ ဆက်စပ် စစ်သွေးကြွ အဖွဲ့တွေက ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်နိုင်တယ်ဆိုပြီး အမေရိကန်အစိုးရက သတိပေးလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနိုင်ငံတွေနဲ့ အာရေဗျ ကျွန်းဆွယ်မှာ သြဂုတ်လအတွင်း အမေရိကန်တွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက သတိပေး ကြေညာထားပါတယ်။

စစ်သွေးကြွ အဖွဲ့တွေကနေ ဒီဒေသတွင်းနဲ့ ဒီဒေသအပြင်ဘက်ထိပါ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရရှိထားကြောင်း အမေရိကန်က ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနဟာ ပြီးခဲ့တဲ့ ရက်ကပဲ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကက သူ့ရဲ့ သံရုံးတွေနဲ့ သံတမန်အဆောက်အအုံ ၂၀ ကျော်ကို ခြိမ်းခြောက်မှု အန္တရာယ်တွေကြောင့် အခုလာမယ့် တနင်္ဂနွေနေ့မှာ ပိတ်ထားဖို့ ရှိတယ်လို့ အရင်ကြေညာခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ဟာ အဲဒီဒေသက မွတ်ဆလင်နိုင်ငံတွေမှာ ပုံမှန် ရုံးဖွင့်ရက် ဖြစ်ပါတယ်။

ဘယ်လို ခြိမ်းခြောက်မှုတွေလဲဆိုတာကိုတော့ အသေးစိတ် မဖော်ပြပါဘူး။ တချို့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေဆိုရင် တရက်မက ပိတ်ထားရနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး အရာရှိတစ်ဦးက ပြောပါတယ်။

အမေရိကန်တွေ အပါအဝင် ကမ္ဘာလှည့်ခရီးသွားတွေ သွားတတ်တဲ့နေရာတွေ၊ နောက်ပြီး ခရီးသည် ပို့ဆောင်ရေး ယာဉ်စခန်းတွေကို သွားရင် လုံခြုံရေး သတိရှိဖို့ တိုက်တွန်းထားပါတယ်။

နောက်ပြီး ကိုယ်သွားမယ့် နေရာတွေနဲ့ ပတ်သက်ပြီး အင်တာနက် ဝက်ဘ်ဆိုက်ကတဆင့် အမေရိကန် ကောင်စစ်ဝန်ရုံးတွေ၊ သံရုံးတွေဆီကို ကြိုတင် စာရင်းပေး အကြောင်းကြား ထားကြဖို့ပါ ဆော်သြထားပါတယ်။

အမေရိကန်က သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ ယာယီပိတ်ထားဖို့ ကြေညာတာဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုရဲ့ ပထမ နှစ်ပတ်လည် ၂၀၀၂ ခုနှစ် ကတည်းကဆိုရင် ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။