ဇင်ဘာဘွေ ပါလီမန် ရွေးကောက်ပွဲ ရလဒ် ကြေညာ

သမ္မတ မူဂါဘီပဲ ဆက်အာဏာရမယ့် ပုံ ရှိနေ
ဓာတ်ပုံ ပုံစာ,

သမ္မတ မူဂါဘီပဲ ဆက်အာဏာရမယ့် ပုံ ရှိနေ

ဇင်ဘာဘွေနိုင်ငံ ပါလီမန် ရွေးကောက်ပွဲ ရလဒ် အမတ်နေရာ အများစုကို ထုတ်ဖေါ် ကြေညာ ခဲ့ရာမှာ သမ္မတ Robert Mugabe ရဲ့ ZANU-PF ပါတီက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲနိုင်ခွင့် ရှိမယ့် အမတ်နေရာ အများစု ၃ပုံ ၂ပုံ နီးပါးကို အနိုင်ရခဲ့ပါတယ်။

အာဖရိက ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့နှစ်ဖွဲ့က ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြု ခဲ့အပြီး ဒီရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြု လက်ခံခဲ့တဲ့ နိုင်ငံတွေထဲမှာ တောင်အာဖရိက နိုင်ငံလည်း ပါဝင်လာပါပြီ။

ဒါပေမယ့် ရွေးကောက်ပွဲ မှာ မဲပေးနိုင်သူ စာရင်းအရေအတွက်၊ မဲပြား အပို ၂သန်းကျော် ရိုက်နှိပ် ထုတ်ခဲ့မှုနဲ့ တခြား ရွေးကောက်ပွဲ ဆိုင်ရာ ပြဿနာတွေ အတွက် စိုးရိမ် မကင်း ဖြစ်မိတယ်လို့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေက ထုတ်ဖေါ် ပြောခဲ့ကြပါတယ်။

ZANU-PF ပါတီနဲ့ ပြိုင်ဘက် The Movement for Democratic Change ပါတီကတော့ ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ စွပ်စွဲနေပြီး မဲရလဒ်ကို အသိအမှတ် မပြုဘူးလို့ ပြောထားပါတယ်။

သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို ထုတ်ဖေါ် ကြေညာခြင်း မရှိသေးပေမယ့် အသက် ၈၉နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သမ္မတ မူဂါဘီကပဲ သမ္မတ ရာထူးကို သက်တမ်း ၇ကြိမ်မြောက် ဆက်ထမ်းဆောင်သွားမယ့် ပုံ ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။