နိုင်ငံတချို့က အမေရိကန် သံရုံးတွေပိတ်

Image caption အယ်ကိုင်ဒါရဲ့ အစီအမံနဲ့ တိုက်ဖို့ အလား အလာ ရှိတယ်လို့ ဖေါ်ပြထား

အရှေ့အလယ်ပိုင်းနဲ့ အာဖရိက အမေရိကန် သံရုံး ၁၉ ရုံး ယာယီ ပိတ်ထားမယ့်ကာလကို သြဂုတ်လ ၁၀ ရက်နေ့အထိ အချိန်တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။

အခုလို တိုးမြှင့် သတ်မှတ်လိုက်တာဟာ ခြိမ်းခြောက်မှု အသစ်ထပ်ထွက်လာလို့ မဟုတ်ဘဲ သတိကြီးကြီးထား ဆောင်ရွက်တဲ့ သဘောဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ် ရှိတဲ့ အတွက် သံရုံး တချို့ကို ယာယီပိတ် ထားခဲ့တာ ဖြစ်ပြီး အမေရိကန် နိုင်ငံသား တွေကိုလည်း ခရီးသွားလာမှုနဲ့ ပတ်သက်ပြီး သတိပေးချက် ထုတ်ခဲ့ပါတယ်။

ကာဘူးလ်၊ ဘဂ္ဂဒက်နဲ့ တခြားသံရုံး တချို့ ကိုတော့ တနင်္လာနေ့မှာ ပြန်ဖွင့်မှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက် အရ အရှေ့ အလယ် ပိုင်းနဲ့ မြောက်အာဖရိက တို့မှာ အယ်ကိုင်ဒါရဲ့ အစီအမံနဲ့ တိုက်ဖို့ အလား အလာ ရှိတယ်လို့ ဖေါ်ပြထားပြီး စနေနေ့ နှောင်းပိုင်း က သမ္မတ အိုဘားမားရဲ့ လုံခြုံရေး အဖွဲ့ဟာ သူ့ကို အစီရင် ခံခဲ့ ပါတယ်။

ဒီအဖွဲ့ကို အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဆူဇင်ရိုက်စ် ခေါင်းဆောင်ပြီး ကာကွယ်ရေး ဝန်ကြီး အပါ အဝင် FBI, CIA အကြီးအကဲတွေ ပါဝင်ပါတယ်။ ဒီအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ရရှိ ခဲ့တဲ့ ခြိမ်းခြောက် မှုတွေနဲ့ ကြိုတင် ပြင်ဆင် မှုတွေကို သမ္မတအား ရှင်းပြခဲ့ပါတယ်။

အမေရိကန် ဘက်က အယ်ကိုင်းဒါး တို့ရဲ့ သတင်းကို ကြားဖြတ် ရရှိပြီးနောက် အခုလို သံရုံးပိတ် ဖို့နဲ့ အမေရိကန် တို့ရဲ့ ကမ္ဘာတလွှား ခရီးသွားဖို့ သတိပေးမှု ထွက်လာတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်လို့ အခုရတဲ့ သတင်းတွေ အရ အယ်ကိုင်ဒါးနဲ့ သူ့ရဲ့ ဆက်နွယ်တဲ့ အဖွဲ့ တွေဟာ ဒေသတွင်းနဲ့ အခြား နေရာတွေမှာ အခု အချိန် ကနေ ဩဂုတ်လကုန် အထိ အကြမ်းဖက် တိုက်ခိုက်ဖို့ အစီ အစဉ် တွေ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဆိုပါတယ်။

အမည် မဖေါ်တဲ့ အမေရိကန် အရာရှိ ကတော့ အခု ခြိမ်းခြောက် မှုတွေနဲ့ မွတ်ဆလင် ရာမန်ဒန်လ ကုန်ဆုံးမယ့် အချိန်နဲ့ ဆက်စပ်မှု ရှိနိုင် တယ်လို့ ပြောပါတယ်။

ယူကေ အပါ အဝင် ဥရောပ နိုင်ငံတွေ ကလည်း ယီမင် နိုင်ငံရှိ သူတို့ သံရုံး တွေကို ယာယီ ပိတ်ထားလိုက် ပါတယ်။

သောကြာနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ ခရီးသွားရေး သတိပေးချက် ဟာလည်း အခုချိန် ကနေ သြဂုတ်လ ကုန် အထိ အကျုံးဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ