ကွက်တာမြို့မှာ အကြမ်းဖက်သမား တွေတိုက်ခိုက်

ကွာတာမြို့ တိုက်ခိုက်မှုမှ ဒဏ်ရာရသူများ
Image caption ကွာတာမြို့ တိုက်ခိုက်မှုမှ ဒဏ်ရာရသူများ

ပါကစ္စတန် နိုင်ငံ အနောက် တောင်ပိုင်းမှာ ရှိတဲ့ Balochistan ပြည်နယ်ရဲ့ မြို့တော် ကွက်တာ က ဆူနီဗလီကို အစ်ပွဲတော် အတွက် ဝတ်ပြုဖို့ ရောက်လာ ကြသူတွေ အပြန်မှာ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သေနတ်သမား တစ်စုက တိုက်ခိုက်ခဲ့ပါတယ်။ ကြာသပတေးနေ့ကလည်း ကွက်တာ မြို့မှာပဲ အသေခံ ဗုံးခွဲမှု ဖြစ်ခဲ့လို့ လူတွေ အများကြီး သေဆုံးခဲ့ပါတယ်။

အခု တိုက်ခိုက်မှုကတော့ Pakistan People's Party က ပြည်နယ် ဝန်ကြီးဟောင်း Ali Madad Jatak ကို ပစ်မှတ်ထားတာပါ။ သူ့ ကားကို သေနတ်ကျည်ဆန်တွေ ထိမှန်ခဲ့ပေမယ့် သူ့ကိုတော့ မထိခဲ့ပါဘူး။ ဝတ်ပြုသူတွေ အနားကပ်လာချိန်မှာ သေနတ်သမား လေးယောက်က မစ္စတာ Ali Madad Jatak ကို ပစ်ခတ်ခဲ့ပါတယ်။

ကွက်တာ ပြည်နယ်မှာ အများအားဖြင့် လူနည်းစု ရှာ မွတ်ဆလင်တွေကို ပစ်မှတ်ထားတဲ့ ဂိုဏ်းဂဏစွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေ သိပ်မကြာခင် ကာလအတွင်း ဖြစ်လာခဲ့တာ တွေ့ရပါတယ်။ Balochistan ပြည်နယ် မြို့တော် ကွက်တာ မြို့မှာ တာလီဘန် သူပုန်တွေသာမက ဆူနီနဲ့ ရှာ မွတ်ဆလင်တွေ ကြားမှာလည်း တိုက်ခိုက်မှုတွေ ရှိနေတဲ့အပြင် Baloch ခွဲထွက်ရေးသမားတွေရဲ့ ပုန်ကန်မှုကလည်း ရှိနေပါတယ်။ မတည်မငြိမ် ဖြစ်နေတဲ့ ပါကစ္စတန်က ဘာလိုခစ္စတန် ပြည်နယ်မှာ အစိုးရ ဆန့်ကျင်ရေး စိတ်ဓါတ်တွေ ပြင်းထန်နေပြီး အခုတော့ ခွဲထွက်ရေး သမားတွေ အပေါ်မှာ ထောက်ခံမှုတွေ ရှိလာနေပါပြီ။ ၉ နှစ်ကြာ ပြည်တွင်းစစ်အတွင်း ဘာလော့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ဘာလော့ မဟုတ်တဲ့ အခြေချ နေထိုင်သူတွေ အပါအဝင် လူတွေ ထောင်နဲ့ချီပြီး သေဆုံးခဲ့ကြရပါတယ်။

ပါကစ္စတန် လူ့ အခွင့် အရေး အဖွဲ့ ရဲ့ ၂၀၁၁ ခုနှစ်က အစီရင်ခံစာမှာတော့ ဘာလော့ တွေကို အစိုးရက သတ်ဖြတ် ပြီး အစဖျောက်ခဲ့တဲ့ အမှုပေါင်း ၁၀၇ မှု ရှိခဲ့တယ်လို့ ဖော်ပြခဲ့ ပါတယ်။ အဲဒီပျောက်နေကြတယ် ဆိုသူတွေဟာ ညှင်းပမ်း နှိပ်စက်ခံရပြီး သတ်ဖြတ်ခံခဲ့ရပြီးတဲ့နောက် အလောင်းတွေကို လမ်းဘေးမှာ ပစ်ထား ခဲ့ကြတာလို့ ဆိုပါတယ်။ ဒါကြောင့် ပြည်နယ် ထောက်လှမ်းရေးနဲ့ နယ်ခြား လက်နက်ကိုင် တပ်ဖွဲ့ တွေက သတ်ပြီး ပစ်ထားတဲ့ မူကို သုံးတယ်လို့ ဘာလော့တွေဘက်က ဆိုပါတယ်။

နှစ်နဲ့ချီပြီး ဒီပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကို ပါကစ္စတန် အများစုက မေ့ထားကြတာ ဖြစ်ပါတယ်။ ဒီ ခွဲထွက်ရေးသမားတွေနဲ့ ပတ်သက်လို့ အရင်က အာရုံ စူးစိုက်မှု မခံခဲ့ရပါဘူး။ အခု လတ်တလောမှာ အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ် Dana Rohrabacher က ဘာလိုခစ္စတန် ပြည်နယ်ကို လွတ်လပ်တဲ့ နယ်မြေတစ်ခုအဖြစ် ကြေညာရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးမှု ဖြစ်လာတော့မှ လူတွေ ပိုသတိပြုမိလာကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ