အမေရိကန် စစ်ပြန် တွေကို တိုးချဲ့ထောက်ပံ့

စစ်ပြန် စစ်မှုထမ်းများ အတွက် အိမ်ရာ ဆောက်ပေး
တာဝန် ထမ်းဆောင် နေစဉ် အတွင်း စိတ်ကျန်းမာရေး ပြဿနာတွေ နဲ့ ရင်ဆိုင် ခဲ့ရတဲ့ အမေရိကန် စစ်မှုထမ်းဟောင်း တွေ အတွက် ထောက်ပံ့မှု အစီအစဉ် တရပ်ကို သမ္မတ အိုဘားမား အဆိုပြု ခဲ့ပါတယ်။
ဦးနှောက် ထိခိုက် ဒဏ်ရာ ရမှု နဲ့ ဒဏ်ရာကြောင့် ရတဲ့ စိတ် ဝေဒနာတွေ ကုသမှု သုတေသန ပြုဖို့ အတွက် ဒေါ်လာ သန်းတရာ ကျခံ သုံးစွဲ မှာ ဖြစ်ကြောင်း အိုဘားမားက ပြောကြား ခဲ့ပါတယ်။
စစ်သားဟောင်း တွေ တောင်းခံ လာတဲ့ အကျိုးခံစား ခွင့် ထုတ်ပေးရေး တွေ နှောင့်နှေး လေးကွေး တာ ကို ကိုင်တွယ် ဖြေရှင်း သွားမယ် လို့လည်း ထိခိုက် ချွတ်ယွင်းမှု တွေ ရခဲ့တဲ့ စစ်ပြန်များ ညီလာခံမှာ မစ္စတာ အိုဘားမားက ကတိပြု ခဲ့ပါတယ်။
နှစ်ရှည်လများ စစ်မှုထမ်း လာခဲ့တဲ့ သူတို့ ခံစား ပိုင်ခွင့်တွေ ထုတ်ယူရေးမှာ စောင့်ဆိုင်း နေရတာ တွေ မဖြစ်သင့်တော့ဘူးလို့ အိုဘားမားက ပြောကြား ခဲ့ပါတယ်။