အီဂျစ်မှာ သွေးချောင်းစီးပြီ

မော်စီ ထောက်ခံသူတွေ ဖြိုခွဲခံရပြီ
အီဂျစ် နိုင်ငံမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံသူ တွေရဲ့ ကိုင်ရိုမြို့ပေါ်က သပိတ်စခန်းတွေကို လုံခြုံရေး တပ်ဖွဲ့တွေက မနေ့က တနေ့လုံး နှိမ်နင်း ရှင်းလင်းခဲ့ပြီး လူအများအပြား ထိခိုက် သေဆုံးမှုတွေ ရှိကြောင်း သိရပါတယ်။
ကျန်းမာရေး ဌာနက နိုင်ငံတလွှားမှာ သေဆုံးသူ အရေအတွက်၂၃၅ ယောက် ရှိတယ်လို့ ဆိုပေမယ့် မွတ်ဆလင် ညီနောင်များ အဖွဲ့ကတော့ လူ၂ဝဝဝ ကျော်တယ်လို့ ပြောပါတယ်။
မနေ့က ညနေပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့တွေက မြေထိုးစက်တွေနဲ့ ကိုင်ရိုမြို့က Rabaa-al-Adawiya ဗလီနားက အဓိက သပိတ်စခန်းကို ရောက်လာပြီး ထိန်းချုပ်ထားလိုက်သလို သပိတ်စခန်းသေးလေး တခုကိုတော့ အစောပိုင်းကတည်းက ရှင်းလင်းထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတလွှား အေးချမ်းတည်ငြိမ်မှု ရဖို့ လိုတယ်လို့ အာဏာပိုင်တွေက ဆိုခဲ့ပြီးတဲ့နောက် ကိုင်ရိုနဲ့ တခြား မြို့ကြီးတော်တော်များများမှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။
အသက် ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းမိကြောင်း ဝန်ကြီးချုပ်က ဆိုခဲ့ပြီး အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ထားတာကိုလည်း အမြန်ဆုံး ရုတ်သိမ်းနိုင်အောင် ကြိုးစားသွားမယ်လို့ သူက ပြောပါတယ်။
အီဂျစ်မှာ ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ အပေါ် အမေရိကန် ပြည်ထောင်စု က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဒါဟာ တွေ့ဆုံညှိနှိုင်း မှုတွေကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။
တူရကီကတော့ ကိုင်ရိုမြို့က အဓိကရုဏ်း နှိမ်နင်းမှုတွေကို လူအစုလိုက် အပျံလိုက် သတ်ဖြတ်မှုလို့ ဆိုပြီး အီရန်ကတော့ အီဂျစ်မှာ ပြည်တွင်းစစ် ဖြစ်နိုင်တဲ့ အလားအလာတွေ တိုးလာနေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ အီဂျစ်မှာ ကြားဖြတ် အစိုးရ အဖွဲ့ထဲက ဒုတိယ သမ္မတ မိုဟာမက် အယ်လ် ဘာရာဒိုင်း ရာထူးက နှုတ်ထွက်သွားကြောင်း သိရပါတယ်။