မွတ်ဆလင်ညီနောင်များ အဖွဲ့ ခေါင်းဆောင် ထိန်းသိမ်း ခံရ

မိုဟာမက် ဘာဒီအီးကို ဖမ်းဆီးခဲ့ပုံကို ရုပ်မြင်သံကြားမှာ ဖေါ်ပြ
ဓာတ်ပုံ ပုံစာ,

မိုဟာမက် ဘာဒီအီးကို ဖမ်းဆီးခဲ့ပုံကို ရုပ်မြင်သံကြားမှာ ဖေါ်ပြ

အီဂျစ်နိုင်ငံမှာ Muslim Brotherhood ပါတီခေါင်းဆောင် မိုဟာမက် ဘာဒီအီး အထိန်းသိမ်းခံလိုက်ရတာနဲ့ ပတ်သက်လို့ Muslim Brotherhood ပါတီက ဝေဖန် ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အင်အားသုံး လူစုခွဲခဲ့လို့ လူအများအပြား သေဆုံးခဲ့ရတဲ့ သပိတ်စခန်းတခုနားမှာ မိုဟာမက် ဘာဒီအီးကို မနေ့ညက ဖမ်းဆီးလိုက်တာပါ။

ဒီဖမ်းဆီး ထိန်းသိမ်းမှုဟာ သမ္မတဟောင်း ဟော့စနီ မူဘာရက် ကို ပြုတ်ကျသွားစေခဲ့တဲ့ ၂၀၁၁ တော်လှန်ရေးကို ဆန့်ကျင်ဖို့ အကွက်ချ ကြံစည်မှု တစိတ်တဒေသ ဖြစ်တယ်လို့ Muslim Brotherhood ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အာဏာသိမ်းမှု ဆန့်ကျင်ရေး မဟာမိတ် ဆာရာ အက်တီယာ အဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီးကလည်း ဒါဟာ ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ခံထားရတဲ့ အစ္စလာမစ် သမ္မတ မိုဟာမက် မော်စီကို စစ်အာဏာသိမ်းပြီး ဖြုတ်ချခဲ့မှုအပေါ် မကျေနပ် ဆန့်ကျင်နေသူတွေကို နှုတ်ပိတ်ဖို့ လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဖြုတ်ချခံ အစ္စလာမစ် သမ္မတ မိုဟာမက် မော်စီကို ပြန်ခန့်ရေး တောင်းဆို ဆန္ဒပြမှုတွေ ဆက်လုပ်သွားကြဖို့ Muslim Brotherhood ပါတီက သူတို့ကို ထောက်ခံအားပေးသူတွေကို သတင်းစာ ရှင်းလင်းပွဲမှာ တိုက်တွန်း ပြောသွားပါတယ်။

Muslim Brotherhood ပါတီရဲ့ ယာယီ ခေါင်းဆောင်သစ် အဖြစ် မာမွတ် အက်ဇက် ကို ခန့်ထားလိုက်ပြီလို့လည်း ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။