ဘိုရှီလိုင်အမှုစတင် စစ်ဆေး

တရားရုံးမှာ လုံခြုံရေးတွေ ချထားပါတယ်။
ဓာတ်ပုံ ပုံစာ,

တရားရုံးမှာ လုံခြုံရေးတွေ ချထားပါတယ်။

လာဘ်စားမှု အဂတိလိုက်စားမှု အာဏာ အလွဲသုံးစွဲမှုတွေနဲ့တရားစွဲခံရတဲ့ ဘိုရှီလိုင်ကို လူမြင်ကွင်းမှာ မတွေ့တာ ၁၈လလောက်ရှိပါပြီ။ သူဟာ ချုံကင်း ပြည်နယ်ရဲ့ ကွန်မြူနစ် ပါတီ ခေါင်းဆောင်ဖြစ်ခဲ့ပြီး သူ့ဇနီး ဂူကိုင်လိုင် ကတော့ ဗြိတိသျှလူမျိုး နီးလ် ဟေဝဒ်ကို သတ်မှုနဲ့ ထောင်ကျ နေပါတယ်။ အဲဒီ အရှုပ်တော်ပုံ ဖြစ်ပြီးတဲ့နောက်သူ့ကို ရာထူးက ဖြုတ်ချခံရပါတယ်။

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလတုန်းက တရုတ်နိုင်ငံရဲ့ ၁၀နှစ်တခါ ခေါင်းဆောင်ပြောင်းပွဲမှာ ဟေးဝဒ်သေဆုံးတဲ့ ပြဿနာ ပေါ်လာပါတယ်။ အဲဒီခေါင်းဆောင်ရွေးပွဲမှာ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ၇ယောက်အနက် အသက်၆၄နှစ် အရွယ် ဘိုရှီလိုင်လည်း ကိုယ်စားလှယ် တယောက်ဖြစ်ပါတယ်။ အခုတော့သူဟာ စွဲချက်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပြီး ပစ်ဒဏ်ကျမယ်လို့ မျှော်လင့်ရပါတယ်။

အခုတရား စီရင်မှုကို ဘယ်လောက် လူမြင်ခံမလဲဆိုတာ မပြောနိုင်ပါဘူး။ အမှုစစ်မယ့် ရှန်ဒေါင်းပြည်နယ်က ဂျီနန်မြို့ ပြည့်သူ့တရားရုံးမှာ လုံခြုံရေးတွေ ချထားပါတယ်။ ဘိုကိုထောက်ခံသူ တစုလည်း မနေ့က အဲဒီနားမှာ ဆန္ဒပြခဲ့ပါတယ်။ ရှင်ဝှါသတင်ထဲမှာတော့ ဘိုဟာ ရာထူး အရှိန်အဝါသုံးပြီး ငွေကြေးနဲ့ အိမ်ယာတွေကို အများအပြား လက်ခံခဲ့သလို ပြည်သူပိုင်ငွေကိုလည်း အလွဲသုံးစား လုပ်တယ်လို့ပြောပါတယ်။

သူသြဇာကြီးမား စဉ်ကတော့ ရာဇဝတ်မှု တိုက်ဖျက်ရေးနဲ့ ကွန်မြူနစ်တို့ရဲ့ ရှေးရိုးစဉ်လာ ပြန်ဖေါ်ထုတ်ဖို့ ကြိုးပမ်းခဲ့ပြီး သူ့ရဲ့ကြီးမားတဲ့ ရည်မှန်းချက်ကြောင့် ရန်များခဲ့သလို ခေါင်းဆောင် ပိုင်းကလည်း သူ့အပေါ် အငြင်းပွားစရာ ပုဂ္ဂိုလ်လို့ ယူဆကြကြောင်း အကဲခတ်တွေက သုံးသပ်ပါတယ်။