အဆိပ်သင့် သေဆုံးသူ အများအပြားရှိကြောင်း MSF အတည်ပြု

Image caption ဆီးရီးယားမှာ ဆေးကုပေးနေတဲ့ MSF အဖွဲ့သားတွေ

ဆီးရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့တုန်းက ဒမားစကပ်စ်မြို့ ဆင်ခြေဖုံး အရပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု အတွင်း လူအများအပြား အာရုံကြော အဆိပ်သင့်မှုတွေ ဖြစ်ပွားတာကို သူတို့ အဖွဲ့နဲ့ အလုပ်လုပ်နေတဲ့ ဆီးရီးယား ဆရာဝန်တွေ ကိုယ်တိုင်တွေ့ခဲ့တယ်လို့ နယ်လှည့် ဆေးကုပေးတဲ့ ပရဟိတ အဖွဲ့ Medecins Sans Frontieres က ပြောပါတယ်။

သူတို့ဆီ ရောက်လာတဲ့ လူနာ ဆယ်ယောက်မှာ တယောက် သေဆုံးသွားပြီး သေဆုံးသူပေါင်း ၃၅၅ယောက် ရှိတယ်လို့ ဖြစ်ပွားရာ ဒေသမှာ ဆေးခန်း သုံးခု ဖွင့်လှစ် ကုသပေးနေတဲ့ MSF က ပြောပါတယ်။

အခုလို ဖြစ်ပျက်မှုတွေ အပေါ် ပါဝင် ပတ်သက်မှု မရှိဘူးလို့ ဆီးရီးယား အစိုးရက ငြင်းဆိုထားပြီး ဒမားစကပ်စ်မြို့ အရှေ့ဖက်ပိုင်းမှာ သူပုန်တွေ သုံးတဲ့ ဥမင်လှိုင်ခေါင်းထဲမှာ အစိုးရ တပ်သားတွေက ဓါတုပစ္စည်းတွေ ဖမ်းဆီး တွေ့ရှိခဲ့ကြောင်း စွပ်စွဲ ပြောဆိုချက်သစ်တွေ အစိုးရ ရုပ်သံက ပြသခဲ့ပါတယ်။

ဓါတ်ငွေ့ကာ မျက်မှာဖုံးတွေနဲ့ ပလက်စတစ်ပုံးတွေကို ရုပ်သံမှာ တွေ့ရပြီး အဲဒီ ပစ္စည်းတွေပေါ်မှာ ဆော်ဒီ အာရေဗျမှာ ထုတ်လုပ်သည် ဆိုတဲ့ စာတမ်း တံဆိပ်တွေလည်း တွေ့ရပါတယ်။

ဂျိုဘာ အရပ်မှာ တိုက်ပွဲ ဖြစ်ခဲ့တုန်းက အစိုးရ တပ်တွေကို သူပုန်တွေက ဒီ ဓါတုပစ္စည်းတွေ သုံးပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီတိုက်ခိုက်မှုအတွင်း အစိုးရ စစ်သား တယောက်တလေမှ ထိခိုက်ဒဏ်ရာရတာကို ဖော်ပြမထားပါဘူး။

ဝါရှင်တန်မှာတော့ အမေရိကန် သမ္မတ အိုဘားမား က သူ့ရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိတွေနဲ့ တွေ့ဆုံပြီး ဆီးရီးယားက ဓါတုလက်နက်သုံး တိုက်ခိုက်မှု စွပ်စွပ်ချက်တွေ အပေါ် ဆွေးနွေး နေပါတယ်။

ဖြစ်နိုင်ချေ ရှိတဲ့ တုန့်ပြန့်မှုတွေကို သမ္မတက အသေးစိတ် ပြန်လည် သုံးသပ်နေတယ် ဒါပေမယ့် ဖြစ်ပျက်သမျှ တွေကို ထောက်လှမ်း လေ့လာ သုံးသပ်သူတွေက အချက်အလက် စုဆောင်းမှု ပြုနေတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

ဒါ့အပြင် ဒီကိစ္စကို နိုင်ငံတကာ အနေနဲ့ ဘယ်လို တုန့်ပြန်မလဲ ဆိုတာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်နဲ့ သမ္မတ အိုဘားမား တိုင်ပင်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဆီးရီးယား အစိုးရဟာ သူ့ပြည်သူတွေကို ဓါတုလက်နက် သုံးပြီး တိုက်ခိုက်ခဲ့တဲ့ အထောက်အထားတွေ တိုးပွားလာနေတယ်လို့ ဒေးဗစ် ကင်မရွန် ရုံးက ပြောပါတယ်။

ဆီးရီးယား သမ္မတ အာဆက်ဒ် အနေနဲ့ ဒမားစကပ်စ်က ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တာဟာ သူ့မှာ ဖုံးကွယ်စရာ ရှိနေတယ် ဆိုတာ ပြနေတယ်လို့ ဗြိတိန်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။