စီးပွားရေးနဲ့ နိုင်ငံရေးမှာ သာတူညီမျှရှိရေးဟာ မပြီးသေးတဲ့ လုပ်ငန်းဖြစ်

Image caption လူထု အခွင့်အရေး ဆိုင်ရာ တက်ကြွ လှုပ်ရှားသူ Martin Luther King

အမေရိကန် ပြည်ထောင်စုမှာ မာတင်လူသာကင်း က'I have a dream' ဆိုတဲ့ နာမယ်ကျော် မိန့်ခွန်း ပြောကြားခဲ့တဲ့ နှစ်ငါးဆယ်မြောက် အခမ်းအနားမှာ သမ္မတ အိုဘားမားက မိန့်ခွန်း ပြောခဲ့ပါတယ်။

လင်ကွန်း ဂူဗိမ္မာန်ရှေ့က ဒေါက်တာ ကင်း မိန့်ခွန်းပြောခဲ့တဲ့ နေရာမှာ သမ္မတ အိုဘားမားက အမေရိကန် ပြည်ထောင်စု ဖိနှိပ်မှုအောက်က လွတ်မြောက်အောင် လူထုအခွင့်အရေး ဆိုင်ရာ တက်ကြွ လှုပ်ရှားသူ ဒေါက်တာ မာတင် လူသာကင်း က ကယ်တင်ခဲ့တာလို့ ဆိုပါတယ်။

တိုင်းပြည်မှာ လူမည်းတွေချည်း အတွက် မဟုတ်ပါဘူး ၊ အမျိုးသမီးတွေ ၊ လက်တင်အမေရိက တိုက်သားတွေ ၊ အာရှ တိုက်သားတွေနဲ့ မူရင်း တိုင်းရင်းသား အမေရိကန်တွေ အတွက်ပါ ပိုပြီး လွတ်လပ်ခြင်းနဲ့ တရားမျှတမှုတွေ ရစေဖို့ လူထု အခွင့်အရေး ဆိုင်ရာ တက်ကြွသူတွေက ချီတက် လှုပ်ရှားခဲ့ကြပါလို့ သမ္မတ အိုဘားမား က ပြောပါတယ်။

ဒါ့အပြင် အဲဒီ လှုပ်ရှားမှုကို နမူနာယူပြီး ကမ္ဘာတလွှားမှာ စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဖို့ ခွန်အားတွေ ရလာကြတယ် ၊ သူ့အဆိုအရ ဒေါက်တာကင်းရဲ့ လှုံဆော် စည်းရုံးမှုက နေရာအနှံ့ပျံ့နှံ့သွားခဲ့တယ် ၊ ဒါက သန်းပေါင်းများစွာရဲ့ ပျောက်ဆုံးနေတဲ့ မျှော်လင့်ချက်တွေကို တောင်းဆို ဆန္ဒပြသံတွေ ဖြစ်လာအောင် ဖန်တီး နိုင်ခဲ့တယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။