ဓါတုလက်နက် အသုံးပြုမှု အမေရိကန် ကောက်ချက်ချ

Image caption အမေရိကန် သမ္မတ အိုဘားမား

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆီးရီးယား ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်မှုဟာ အစိုးရ လက်ချက်လို့ အမေရိကန်က ကောက်ချက်ချကြောင်း ၊ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အမေရိကန်ရဲ့ စစ်ရေးအရ တုန့်ပြန် တိုက်ခိုက်မှု ရှိခဲ့ရင် အနာဂတ်မှာ အဲဒီလို ဓါတုလက်နက်တွေ မသုံးအောင် ကာကွယ် ဟန့်တားဖို့ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါ့အပြင် ဆီးရီးယား အစိုးရကို အကာအကွယ် ပေးမယ့် သံတမန်ရေး အရ တုန့်ဆိုင်းအောင် လုပ်ဆောင်မှုတွေကို ခွင့်မပြုဘူးလို့ အမေရိကန် အစိုးရက ဆိုပါတယ်။

ဆီးရီးယားရဲ့ အဓိက မဟာမိတ် ရုရှားက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံတွေ့ဆုံ ဆွေးနွေးပြီး ဗြိတိန်က တင်ပြတဲ့ အဆိုပြုလွှာ မူကြမ်းကို တားထားဖို့ ကြိုးစားတဲ့ အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ အမျိုးသမီး Marie Harf က ဝေဖန်လိုက်ပါတယ်။

အမေရိကန် အနေနဲ့ လုံခြုံရေး ကောင်စီကို ကျောထောက် နောက်ခံပြု အသုံးချသွားမှာ မဟုတ်ဘူး ၊ လာမယ့် ရက်တွေမှာ သင့်တော်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မလုပ်ခင် အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေနဲ့ ညှိနှိုင်း ဆွေးနွေးမှု ကိုသာ အလေးထား ဆောင်ရွက်သွားမယ်လို့ မစ္စ ဟာ့ဖ် က ပြောပါတယ်။

ဆီးရီးယားက ဓါတု လက်နက်သုံး တိုက်ခိုက်မှုကို စုံစမ်း စစ်ဆေးနေတဲ့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေရဲ့ အလုပ်မပြီးမချင်း ဆီးရီးယားကို အရေးယူဖို့ အဆိုပြုချက် မူကြမ်း ၊ ဒါမှမဟုတ် အရေးယူမှု တင်ပြချက် ကို ကုလသမဂ္ဂက လက်ခံ မစဉ်းစားသင့်ဘူးလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဘ်ရော့ဘ် က ပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ဆီးရီးယား သံအမတ် ဘတ်ရှား ဂျဖရီ ကလည်း စစ်ရေးနဲ့ နိုင်ငံရေး ဖိအားပေးမှုတွေ မရှိဘဲ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို ပြီးဆုံးအောင် ဆောင်ရွက်ခွင့်ပြုဖို့ ပန်ကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ ဒီစုံစမ်း စစ်ဆေးမှုဟာ အနည်းဆုံး လေးရက်ကြာမယ်လို့ ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ