ဆီးရီးယားကို စစ်ရေးအရ အမေရိကန် အရေးယူမယ့် အစီအစဉ်တွေရှိ

Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ဒမားစကပ်မြို့ ဆင်ခြေဖုံးမှာ ဓါတု လက်နက်နဲ့ တိုက်ခိုက်ခဲ့မှု အပေါ် ဆီးရီးယား အစိုးရမှာ တာဝန်ရှိတယ်လို့ လေးလေးနက်နက် ယုံကြည်ကြောင်း အမေရိကန် က ပြောပါတယ်။

ဒီတိုက်ခိုက်မှု အတွက် ဆီးရီးယား အစိုးရ တပ်တွေ သုံးရက်ကြာ ပြင်ဆင်ခဲ့ကြ ပြီးမှ တိုက်ခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ကလေး လေးရာ အပါအဝင် လူပေါင်း တထောင့်လေးရာကျော် သေဆုံးခဲ့ တယ်လို့ အမေရိကန် လျို့ဝှက် ထောက်လှမ်းရေး သတင်းတွေ အရ သိရပါတယ်။

ဆီးရီးယားမှာ အခုလို ဓါတုလက်နက်တွေ သုံးတိုက်ခိုက်တာဟာ ကမ္ဘာလူ့ အသိုင်းအဝိုင်းကို စိန်ခေါ်လိုက်တာ ဖြစ်ပြီး အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး အကျိုးစီးပွားကိုလည်း ခြိမ်းခြောက်နေတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

သူ့အနေနဲ့ ဒီကိစ္စကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာကို နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘူး ဒါပေမယ့် စစ်ရေး အရ အကန့်အသတ်နဲ့ အရေးယူမယ့် အစီအစဉ်တွေ ရှိပြီး မြေပြင်ကနေ တိုက်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဆီးရီးယားက ပြန်ထွက်လာတဲ့ ကုသလမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေက ကမ္ဘာကို ရှာဖွေ တွေ့ရှိချက် သတင်းအသစ် အဆန်းတွေ ပေးနိုင်မှာ မဟုတ်ပါဘူးလို့ ထောက်လှမ်းရေး အစီရင်ခံစာကို တင်ပြရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။

အဆိပ်ဓါတ်ငွေ့တွေသုံးပြီး တိုက်ခိုက်နေတာကို အရေးယူမှု မလုပ်ဘဲထားရင် အီရန်နဲ့ မြောက်ကိုရီးယားလို နိုင်ငံမျိုးတွေကိုပါ အားပေးသလို ဖြစ်သွားစေလိမ့်မယ်လို့ မစ္စတာ ကယ်ရီက ဆိုပါတယ်။

စစ်ရေးအရ အရေးယူချင်တာနဲ့ အမေရိကန် အစိုးရဟာ အထောက်အထားတွေကို လုပ်ကြံဇတ်ခင်း တင်ပြခဲ့တယ်လို့ ဆီးရီးယား အစိုးရက ပြောဆိုတဲ့ အပေါ် အခုလို အမေရိကန် ဖက်က တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

Image caption ဆီးရီးယား အရေးကိစ္စ ရှင်းပြနေတဲ့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan

ဆီးရီးယားကို ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ် စစ်ရေးအရ အရေးယူမယ် ဆိုရင် ဒါဟာ သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ကို ဖြုတ်ချဖို့ ရည်ရွယ် လုပ်ဆောင်သင့်တယ်လို့ တူရကီ ဝန်ကြီးချုပ် ရာဂျစ် တိုင်ရစ်ပ် အာဒိုဂမ် က ပြောပါတယ်။

၂၄ နာရီကြာ ဝင်တိုက်ပြီး ပြန်ထွက်သွားရုံလောက်နဲ့ မလုံလောက်ဘဲ ဆီးရီးယား အစိုးရကို အင်အား ချိနဲ့သွားအောင် လုပ်မှသာ သွေးထွက်သံယိုမှုတွေ အဆုံးသတ်လိမ့်မယ်လို့ မစ္စတာ အာဒိုဂမ်က ဆိုပါတယ်။

တူရကီ နိုင်ငံဟာ အိမ်နီးချင်း ဆီးရီးယား နိုင်ငံက ခြိမ်းခြောက်လာမယ့် အရေးကို ကာကွယ်ဖို့ တပ်လှန့်ထားပြီး နိုင်ငံတကာ တပ်တွေနဲ့ အတူပူးပေါင်း တိုက်ပေးဖို့ အသင့်ဘဲလို့လည်း သူက ပြောပါတယ်။

တချိန်တုန်းက သမ္မတ အာဆက်ရဲ့ မိတ်ဖက် တယောက် ဖြစ်ခဲ့တဲ့ မစ္စတာ အာဒိုဂမ် ဟာ အခုတော့ သူ့ကို အဆိုးရွားဆုံး ဝေဖန်သူ တယောက် ဖြစ်လာခဲ့ပြီလို့ သုံးသပ်သူတွေက ဆိုပါတယ်။