ဆီးရီးယား ကို စစ်ရေးအရ အရေးယူရေး ကွန်ဂရက် ကို တင်ပြမယ်

obama
Image caption ဓာတုလက်နက် သုံး တာ ဟာ လူသားအားလုံးရဲ့ ဂုဏ်သိက္ခာ ကို ကျူးကျော် နေတာပဲ လို့ ဆို

ဆီးရီးယား အစိုးရကို စစ်ရေးအရ အရေးယူဖို့ အရေးကို ကွန်ဂရက် လွှတ်တော်ရဲ့ ခွင့်ပြုချက် ရယူမယ်လို့ အမေရိကန် သမ္မတ အိုဘားမား က ကြေညာလိုက်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမား က သူ့အနေနဲ့တော့ ဆီးရီးယား ကို စစ်ရေးအရ အရေးယူ ဆောင်ရွက် ရမယ် လို့ မြင်ကြောင်း ပြောတဲ့ မိန့်ခွန်းထဲမှာ ဆီးရီးယား မှာ အစိုးရ ကိုယ်တိုင်က ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေ ကလေးတွေ အပါအဝင် သူ့ပြည်သူ အများအပြား ကို ဆီးရီးယား အစိုးရ က ဓာတု အဆိပ်ဓာတ်ငွေ့တွေနဲ့ သတ်ဖြတ်နေတယ်၊ ဒီလုပ်ရပ်ဟာ လူသားတွေ အားလုံး ရဲ့ ဂုဏ်သိက္ခာ ကို တိုက်ခိုက် ကျူးလွန်တာဖြစ်တယ် လို့ ပြောခဲ့တဲ့ အပြင် အမေရိကန် ရဲ့ အမျိုးသားလုံခြုံရေး ကိုလည်း အလွန်အန္တရာယ်ရှိ နေပြီ၊ ဆီးရီးယား ကနေ ဒီလိုတိုက်ခိုက် တာတွေဟာ ဆီးရီးယား နယ်စပ် ကို ကျော်လာပြီး အမေရိကန် မဟာမိတ်တွေ ဖြစ်တဲ့ အစ္စရေး ဂျော်ဒန် တူရကီ အီရတ် စတဲ့နိုင်ငံတွေ ကို ပျံ့လာနိုင်တယ်၊ ဒီလို လက်နက်တွေ က လူတွေ ကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်သမားတွေ ရဲ့ လက်ထဲကို ရောက်သွားရင် နိုင်ငံတကာ လူအများရဲ့ လုံခြုံရေး ကို ထိခိုက် နိုင်တယ် လို့ ပြောခဲ့ ပါတယ်။

သမ္မတ အိုဘားမား ဟာ စစ်ရေးအရ အရေးယူ ရမယ်ဆိုပေမယ့် ဆီးရီးယား နိုင်ငံထဲကို တပ်တွေ စေလွှတ် တိုက်ခိုက်တာမျိုးမဟုတ် ပဲ အာဆတ် အစိုးရ အခုလို လုပ်နေတာ ကို ရပ်တန့် နိုင်တဲ့ အထိ ထိရောက်တဲ့ တိုက်ခိုက်မှုမျိုး၊ အကန့်အသတ် ရှိတဲ့ ပစ်မှတ်တွေ ကို တိုက်ခိုက်တာမျိုး တွေကို လုပ်သွားမယ် လို့ ဆိုပါတယ်။

အမေရိကန် ဟာ အီရတ်စစ်၊ အာဖဂန် နစ္စတန် က စစ်တွေ နဲ့ စစ်ပန်းနေတယ် ဆိုတာလည်း သူ သိကြောင်း မိန့်ခွန်းထဲမှာ ဝန်ခံထား ပါတယ်။

ဒါကြောင့် သူက စစ်ကို ရေရှည်စွဲတိုက်မှာ မဟုတ်ဘူး လို့ ဆုံးဖြတ် ထားတဲ့ပုံပါ။

မစ္စတာ အိုဘားမားဟာ အမေရိကန် သမ္မတ တယောက် အနေနဲ့ နိုင်ငံ့ စစ်တပ် ကို တိုက်တော့လို့ ဆုံးဖြတ် အမိန့်ပေးလို့ ရပေမယ့် လွှတ်တော် ကို ဒီကိစ္စ တင်ပြပြီး ထောက်ခံမှု ရယူ သွားမယ် လို့ လည်း ဆိုပါတယ်။

ပြည်သူတွေ အတွက် ပြည်သူထံမှ ဆုံးဖြတ်ချက် ကို ရယူရတဲ့ ဥပမာ အစဉ်အလာ ကို အလေးထားပြီး ကွန်ဂရက် လွှတ်တော် ကို သူတင်ပြမယ်၊ ဒီအရေး အပေါ် အမတ်တွေ က ဆွေးနွေးချင်ကြတာ ကိုလည်း သူ သိထားကြောင်း ပြောရင်း အဲဒီလို ကွန်ဂရက် က ဆုံးဖြတ် မှ သာ အမေရိကန် ပြည်ထောင်စု တခုလုံး က ဒီဆုံးဖြတ် ချက် အပေါ် တစုတစည်းတည်း ခိုင်ခိုင်မာမာ ချခဲ့တာ ဆိုတာ ပေါ်လွင်မှာ လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗြိတိန် လွှတ်တော် မှာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ရဲ့ ဆီးရီးယား ကို စစ်ရေး အရ အရေးယူ ဆောင်ရွက်ရမယ် ဆိုတဲ့ အဆို ရှုံးခဲ့တဲ့ ပူပူနွေးနွေး အချိန် မှာ သမတ အိုဘားမား အခုလို ဆုံးဖြတ် ခဲ့တာလည်း ဖြစ်ပါတယ်။

အခု ဓာတု အဆိပ်ဓာတ်ငွေ့တွေ သုံးတာ ဟာ အစိုးရ က သုံးတာ ဟုတ်ရဲ့လား ဆိုတဲ့ ငြင်းချက်တွေ လည်း အထူးသဖြင့် ဆီးရီးယား မဟာမိတ် ရုရှ နိုင်ငံ က ထုတ်နေတဲ့ အခုလိုအချိန် မှာ သမ္မတ အိုဘားမား ကတော့ သူတို့ အနေနဲ့ ဆီးရီးယား အစိုးရ ကျူးလွန် တယ် ဆိုတာ ကို ယုံကြည်ကြောင်း ပြောရင်း ကုလသမဂ္ဂ က နေ ဆီးရီးယား ကို သွားပြီး စုံစမ်းစစ်ဆေးတဲ့ အဖွဲ့ရဲ့ အစီရင်ခံစာ တွေ၊ လုံခြုံရေး ကောင်စီ က ထောက်ခံ ချက်တွေ ကို စောင့်မနေတော့ဘူး လို့လည်း အမေရိကန် သမ္မတ က ပြောပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက် မှာ ဘယ်တော့ ဆွေးနွေးမလဲဆိုတာ ကတော့ အတိအကျ မသိရသေးပါဘူး။

နောက် ၉ ရက် အကြာမှာ ပုံမှန် လွှတ်တော် အစည်းအဝေး လုပ်ဖို့ ရှိပေမယ့် အခုအရေး ကို အရေးပေါ်သတ်မှတ် ပြီး ဒီထက် စောစောလည်း ဆွေးနွေးကြ နိုင်ပါတယ်။

အမေရိကန် သမ္မတ ရဲ့ အခုမိန့်ခွန်း ဟာ အမေရိကန် ပြည်သူတွေ အပေါ်ရော လွှတ်တော် အမတ် တွေ အပေါ်မှာပါ အတိုင်းအတာ တခု အထိ ထိုးဖောက်စည်းရုံး သွားခဲ့တယ် လို့ ဆိုပေမယ့် လက်တွေ့ မှာ ကွန်ဂရက် က ဘယ်လို ဆုံးဖြတ်မယ် ဆိုတာ ကတော့ နိုင်ငံတကာ က စိတ်ဝင်တစား ကြည့်နေကြမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ