အမေရိကန်ကို ထောက်ခံတဲ့ နိုင်ငံတွေ အများအပြား တိုးလာတယ်လို့ ဆို

Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry

ပြီးခဲ့တဲ့ လတုန်းက ဓါတုလက်နက်တွေ သုံးတိုက်ခိုက်ခဲ့တဲ့ အပေါ် ဆီးရီးယား အစိုးရကို အမေရိကန်က စစ်ရေးအရ အရေးယူမယ့် အစီအစဉ်ကို ထောက်ခံတဲ့ နိုင်ငံတွေ အများအပြား တိုးလာတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရင့် ဖဲဗျူးနဲ့ အတူ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက အခုလို ပြောကြားလိုက်တာ ဖြစ်ပေမယ့် တိုးလာတာ ဘယ်နိုင်ငံတွေလဲ ဆိုတာ ကိုတော့ မစ္စတာ ကယ်ရီက ပြောမသွားခဲ့ပါဘူး။

ဒါ့အပြင် အမေရိကန်မှာကော ၊ ကျွန်တော်တို့ရဲ့ မိတ်ဖက် ပြင်သစ်မှာကော လူတွေက သိပါတယ် ၊ ဒီအချိန်ဟာ သတ်ဖြတ်မှုတွေ ကျူးလွန်နေသူကို လက်ပိုက်ကြည့်ရမယ့် အချိန်မဟုတ်ဘူး ဆိုတာ လူအများက သိကြပါတယ်လို့ မစ္စတာ ကယ်ရီက ဆိုသွားခဲ့ပါတယ်။

အမေရိကန်နဲ့ ပြင်သစ်တို့ဟာ ဆီးရီးယား အပေါ် စစ်ဆင်ရေး ဆင်နွှဲဖို့ မဆွေးခဲ့ကြပါဘူး ၊ ဒါပေမယ့် ဆီးရီးယား အာဏာပိုင်တွေ နောင်မှာ ဓါတုလက်နက် မသုံးစွဲစေဖို့ ရည်ရွယ်တဲ့ အရေးယူမှုတွေ လုပ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်လို့ မစ္စတာ ကယ်ရီက ပြောပါတယ်။

ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ တခုခုတော့ လုပ်ဖို့ လိုတယ် ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်ကို ပြင်သစ်က ထောက်ခံ ခဲ့ပေမယ့် တခြား ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေလိုဘဲ ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေရဲ့ အစီရင်ခံစာကို စောင့်ကြည့်ချင်တယ်လို့ ဆိုပါတယ်။