ရုရှ က ဆီးရီးယား ကို စစ်ရေး အရ မဝင်ဖို့ သတိပေး

putin
Image caption လုံခြုံရေး ကောင်စီ ကို ကျော်မလုပ် ဖို့ ရှရှ ပြော

ရုရှား နိုင်ငံမှာ နိုင်ငံ တကာ ထိပ်သီး ညီလာခံကြီးကို လက်ခံ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ အမေရိကန်နဲ့ သူ့ မဟာမိတ် အနောက် နိုင်ငံတွေ က ဆီးရီးယား အပေါ် တဘက်သတ် အရေး မယူဖို့ သမ္မတ ဗလာဒီမီယာ ပူတင်က အခိုင်အမာ သတိပေးလိုက်ပါတယ်။

ဒါပေမဲ့ တဘက်မှာလည်း သူက လမ်းဖွင့် ပေးမှု တခု လုပ်ခဲ့ပါတယ်။

အဲဒါကတော့ ဆီးရီးယား သမ္မတဟာ သူ့ နိုင်ငံသား တွေကို ဓါတု လက်နက်သုံး တိုက်ခိုက်တယ် ဆိုတာ အမှန်တကယ် သက်သေ အထောက် အထား ပြနိုင်တယ် ဆိုရင်တော့ ဆီးရီးယားကို စစ်ရေး အရ အရေးယူဖို့ ကိစ္စ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးပြီး ဆုံးဖြတ်ချက် ရယူတဲ့ အခါ ရုရှားက ကန့်ကွက်မှာ မဟုတ်ဘူးလို့ ပြောတဲ့ အကြောင်း မော်စကို က ဘီဘီစီ သတင်းထောက် Daniel Sanford က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် မပါဘဲ ဆီးရီးယားကို အင်အားသုံး တိုက်ခိုက်မှုဟာ ကျူးကျော် ရန်စမှု လို့ ရုရှား သမ္မတက ပြောပါတယ်။

ရုရှား နိုင်ငံက ခေတ်မီ S 300 လေကြောင်းရန် ကာကွယ်ရေး ဒုံးလက်နက် တွေ ဒေသတွင်းကို ထောက်ပံ့မှုကို ဆိုင်းငံ့ ထားပေမဲ့ အမေရိကန် တို့က တိုက်ခိုက်မှု လုပ်လာ ခဲ့ရင်တော့ ဒေသတွင်း ကို S 300 ဒုံး လက်နက်တွေ ထောက်ပံ့ဖို့ ပြန် စဉ်းစားမယ်လို့ မစ္စတာ ပူတင်က ပြော ပါတယ်။

ဒါဟာ S 300 ဒုံးလက်နက်တွေ အီရန်ကို ထောက်ပံ့မယ် ဆိုပြီး ခြိမ်းခြောက်တဲ့ သဘော လှစ်ဟ ပြလိုက်တာပဲလို့ ယူဆနိုင်ကြောင်း မော်စကိုက ဘီဘီစီ မော်စကို သတင်းထောက် က ပြောပါတယ်။

အမေရိကန် ဘက်မှာတော့ သမ္မတ အိုဘားမား က ဆီးရီးယားကို စစ်ရေး အရ အရေးယူ နိုင်ရေးအတွက် ထောက်ခံမှု ရအောင် ကြိုးပမ်း နေပါတယ်။

အင်္ဂါနေ့က အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ဆိုင်ရာ ကော်မီတီရဲ့ ထောက်ခံမှု ရခဲ့ပေမဲ့ အမေရိကန် ပြည်သူတွေရဲ့ ထောက်ခံမှု ရဖို့ အတော်ကို ကြိုးစား ရလိမ့်ဦးမယ်လို့ ဝါရှင်တန်က ဘီဘီစီ သတင်းထောက် Jane O'Brien က သုံးသပ်ထားပါတယ်။

ဒီတော့ ရုရှား နိုင်ငံ စိန့် ပီတာဘတ် မြို့မှာ ကြာသပတေးနေ့ ကျရင် စတင် ဖွင့်လှစ်ဖို့ ရှိတဲ့ G 20 စက်မှု ထိပ်သီး နိုင်ငံများရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ တော့ ဆီးရီးယား အရေး ကသာ လွှမ်းမိုး နေလိမ့်မယ်လို့ ယူဆ ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ