ဂျီ ၂၀ အစည်းအဝေးအပေါ် ခြုံငုံသုံးသပ်ချက်

Image caption ဂျီ ၂၀ အိမ်ရှင် ပူတင်အနေနဲ့ ဆီးရီးယားအတွက် ငြိမ်းချမ်းရေးကို ရှာဖွယ်ရှိ

ဆီးရီးယား အစိုးရကို စစ်ရေးအရ အရေး ယူသင့် မယူသင့် ဆိုတာနဲ့ ပတ်သက်လို့ အကြီးအကျယ် သဘောထား ကွဲလွဲနေကြတဲ့ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တွေ အခု ထိပ်သီး ဆွေးနွေးပွဲမှာ တွေ့ဆုံကြမှာ ဖြစ်တဲ့အတွက် အခုအစည်းအဝေးက စီးပွားရေးထက် ဆီးရီးယားအရေးက ပိုလွှမ်းမိုးနေပါလိမ့်မယ်။

ဂျီတွမ်တိ ရဲ့ တရားဝင် ဆွေးနွေးမှု အစီအစဉ်မှာ ဆီးရီးယား အရေးကို ထည့်မထားပေမဲ့ နှစ်နိုင်ငံချင်း သီးသန့် ဆွေးနွေးတဲ့ အခါမှာ အလွတ်သဘော ဆွေးနွေးကြလိမ့်မယ်လို့ ယူဆရကြောင်း ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် Bridget Kendall က ပြောပါတယ်။

ဆွေးနွေးပွဲ မတိုင်ခင်ကပဲ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ကုလ သမဂ္ဂ အတည်ပြုချက် မရဘဲ ဆီးရီးယားကို တိုက်ခိုက်ရင် ဒါဟာ ကျူးကျော်ရန်စမှု ဖြစ်မယ်လို့ သတိပေး ပြောဆိုခဲ့ပေမယ့် သမ္မတ အိုဘားမားကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဆီးရီးယား အစိုးရကို ကမ္ဘာက အရေးမယူဘဲ နေလို့ကို မဖြစ်ဘူးလို့ ပြောနေတာကြောင့် ဒီခေါင်းဆောင် နှစ်ယောက်ရဲ့ ဆီးရီးယား အရေး ရပ်တည်ချက်တွေကို ညှိနှိုင်းနိုင်ရေးမှာ သိပ်တော့ လွယ်ပုံမရပါဘူး။

ဒီတော့ အခု ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အနေနဲ့ သူတို့ ရပ်တည်ချက်တွေကို တခြား ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း ထောက်ခံလာအောင် ကြောင်းပြချက်တွေ အခိုင်အလုံ ချပြကြပြီး ရှင်းပြ ကြရမှာပါ။ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံ စလုံးမှာ သူတို့ရဲ့ မဟာမိတ်တွေ အသီးသီး ရှိကြပေမယ့် ပြတ်ပြတ်သားသား ထောက်ခံမှု မပြကြတဲ့ နိုင်ငံတွေဆီက သဘောထားက ပိုအရေးကြီးနေပါတယ်။

တချို့နိုင်ငံတွေအနေနဲ့ ဆီးရီးယား အစိုးရက ဓါတုလက်နက် သုံးတာကို စိုးရိမ်မကင်း ဖြစ်ကြပေမယ့် စစ်ရေးတိုက်ခိုက်မှုကနေ ရလာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို ထိတ်လန့်နေကြပါတယ်။သမ္မတ အိုဘားမား အတွက်က သူ့ကို ထောက်ခံမှု ရှိလာအောင် ကြိုးပမ်းဖို့ ပိုခက်ခဲနိုင်တယ်လို့ ဘီဘီစီ သံတမန်ရေးရာ သတင်းထောက်က ပြောပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ ဓါတု လက်နက် သုံးခဲ့ပါတယ် ဆိုတာကို အခိုင်အမာ အထောက်အထားပြဖို့ လိုအပ်ရုံသာမက ကုလသမဂ္ဂရဲ့ အတည်ပြုချက် မပါရင်လည်း အမေရိကန်က ဦးဆောင်ပြီး စစ်ရေးအရ အရေးယူ ဆောင်ရွက်သင့်ပါတယ် ဆိုတာကို ဆွေးနွေးပွဲ လာရောက်ကြတဲ့ တခြား နိုင်ငံ့ ခေါင်းဆောင်တွေ သဘောတူ လက်ခံလာအောင် ကြိုးပမ်းရပါလိမ့်မယ်။ သြဇာတိက္ကမ ကြီးမားတဲ့ အမေရိကန် အထက်လွှတ်တော် ကော်မတီတစ်ခုရဲ့ ထောက်ခံမှုကို ဗုဒ္ဓဟူးနေ့က ရရှိခဲ့တဲ့အတွက် သမ္မတ အိုဘားမာ အတွက် အားတက်စရာ တစ်ခုတော့ ရှိလာပါတယ်။

သမ္မတ ပူတင်က တချို့ နိုင်ငံ ခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံချင်း သီးသန့် ဆွေးနွေပွဲတွေ လုပ်ဖို့ ရှိပေမယ့် သမ္မတ အိုဘားမားနဲ့တော့ သီးသန့် တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ် မရှိသေးပါဘူး။ ထိပ်သီးဆွေးနွေးပွဲရဲ့ အိမ်ရှင် ဖြစ်တဲ့ သမ္မတ ပူတင်က တရုတ်နိုင်ငံလို အင်အားကြီး ဂျီတွမ်တိ အဖွဲ့ဝင် နိုင်ငံရဲ့ ထောက်ခံမှုကို ရရှိမှာပဲလို့ သူ့စိတ်ထဲမှာ အခိုင်အမာ ယုံကြည်ထားနိုင်ပါတယ်။ ဒါကြောင့် အခု ထိပ်သီး ညီလာခံမှာ ဆီးရီးယားကို စစ်ရေး အရ အရေးယူမယ့် အစား ဆီးရီးယား ငြိမ်းချမ်းရေး ညီလာခံ တစ်ခု ပြုလုပ်ပြီး နိုင်ငံရေးအရ အဖြေရှာဖို့သာ မစ္စတာ ပူတင်က တွန်းအားပေးဖွယ် ရှိပါတယ်။

ဒီတော့ ဆီးရီးယားကိစ္စမှာ အမေရိကန် သမ္မတကို ထောက်ခံမယ်၊ မထောက်ခံဘူး ဆိုတာကတော့ တံခါးပိတ် ဆွေးနွေးပွဲတွေအတွင်း ပြောဆိုမှုတွေက အရေးကြီးမှာ ဖြစ်တယ်လို့ စိန့်ပီတာဘတ်မှာ ရောက်နေတဲ့ ဘီဘီစီ သံတမန်ရေး သတင်းထောက် ဘရစ်ဂျက်ကန်ဒဲလ်က သုံးသပ်ပါတယ်။