ရုရှားရဲ့ အဆိုကို အမေရိကန် သုံးသပ်မယ်

syria
Image caption သမ္မတ အိုဘားမားကတော့ ရုရှားအဆိုကို အလားအလာ ကောင်းရှိတယ်ပြော

အမေရိကန်က စစ်ရေး နဲ့ ဆီးရီးယားကို ဝင်ရောက် တိုက်ခိုက် မှာကို ရှောင်လွှဲနိုင်ရေး အတွက် ရုရှားရဲ့ ဆီးရီးယား ဆီက ဓာတု လက်နက် တွေကို နိုင်ငံတကာ လက်ထဲ အပ်ပြီး ဖျက်ဆီး ပစ်ရေး အဆိုကို အမေရိကန် သမ္မတ အိုဘားမားက အလားအလာ ကောင်းရှိတဲ့ အဆိုတရပ် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့် အမေရိကန် ရုပ်သံတွေနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်း ခန်းတွေမှာ မစ္စတာ အိုဘားမားက ဒီကိစ္စနဲ့ ပတ်သက်လို့ သတိကြီးစွာ ထားပြီး ဆောင်ရွက် သင့်တယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဒီအဆိုနဲ့ ပတ်သက်လို့ ရုရှား ဘက်က ဘယ်လောက် အလေးထား သလဲ ဆိုတာကို လေ့လာ သွားမယ်လို့ ပြောပါတယ်။

မစ္စတာ အိုဘားမား ကတော့ ဒီရုပ်သံ အင်တာဗျူး တွေကနေတဆင့် ကွန်ဂရက် လွှတ်တော်က သူဆီးရီးယားကို တိုက်ဖို့ အတွက် အာဏာပေးဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို ကွန်ဂရက် လွှတ်တော် က ထောက်ခံမလား ဆိုတာနဲ့ ပတ်သက်လို့တော့ သိပ် မသေချာဖြစ်နေပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ အကြံပေး ဖြစ်တဲ့ တိုနီ ဘလင်ကဲန်ကတော့ အမေရိကန်ဘက်က ဒီအဆိုကို သေချာ လေ့လာ သွားမယ်လို့ ပြောပါတယ်။

မစ္စတာ ဘလင်ကဲန်က အမေရိကန် အနေနဲ့ ဒီအဆိုနဲ့ ပတ်သက်လို့ သိရှိပြီး ဖြစ်ကြောင်း ၊ သေချာသုံးသပ် ချင်တဲ့ အကြောင်း၊ ရုရှားနဲ့လည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ဆီးရီးယားဘက်က ဓာတု လက်နက်တွေကို အပ်ဖို့ စဉ်းစား ဆုံးဖြတ် လာမယ်ဆိုရင်လည်း ဒါကို ကြိုဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလုပ်နေတာတွေဟာ ဆီးရီးယား ဒီလက်နက်တွေ ထပ်မသုံးဖို့ ဘဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဆီးရီးယား ရဲ့ မကောင်းတဲ့ အတိတ် မှတ်တမ်း တွေကြောင့် ဒီကိစ္စ ဖြစ်လာ လိမ့်မယ်လို့ မထင်တဲ့ အကြောင်းလည်း ဆိုပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ကတော့ ဒီအဆိုကို ကြိုဆိုတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမယ့် သမ္မတ အာဆတ်ဒ် ဘက်က ဒါကို တကယ် လိုက်နာမလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မပြောခဲ့ပါဘူး။

ဒမတ်စကပ်စ် မြို့က ဘီဘီစီ သတင်းထောက်ကတော့ ဆီးရီးယား အရာရှိကြီး တွေနဲ့ တွေ့ဆုံ ခဲ့ရာမှာ သူတို့ဆီက ဒါနဲ့ ပတ်သက်လို့ အားလုံး အဆင်ပြေမယ့် အခြေအနေတရပ် ဖြစ်လာ နိုင်တယ်ဆိုပြီး တက်ကြွနေကြတာကို သိခဲ့ရတယ်လို့ သတင်း ပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ