ကန်နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ တိုးတက်မှုရှိ

Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov တို့ လက်ဆွဲ နှုတ်ဆက်

ဆီးရီးယား နိုင်ငံက ဓါတုလက်နက်တွေ ဖျက်သိမ်းရေး ကိစ္စအပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဗ်ရော့ဗ် တို့ရဲ့ ဂျီနီဗာမြို့က ဆွေးနွေးပွဲဟာ တိုးတက်မှုတွေ ရှိတယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

အခုလကုန်ပိုင်းမှာ နယူးယောက်မြို့ ကုလသမဂ္ဂမှာ တွေ့ဆုံပြီး ဆီးရီးယား ဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရအောင် ပြင်ဆင်မှု တွေကို ဆွေးနွေးဖို့ သဘောတူခဲ့ ကြတယ်လို့ သူတို့နှစ်ယောက်လုံးက အစောပိုင်းတုန်းက ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကူဝိတ် စော်ဘွား ရှိတ်ခ် ဆာဘက် အယ်လ် အာမက် Sheikh Sabah al-Ahmad al-Jaber al-Sabah ကို လက်ခံ တွေ့ဆုံပြီးတဲ့နောက် သတင်းထောက်တွေကို သမ္မတ အိုဘားမားက သူ့အမြင်ကို ထပ်တလဲလဲ ပြောသွားခဲ့ပါတယ်။

ဆီးရီးယားက ဓါတုလက်နက် ဖယ်ရှားပစ်ရေး သဘောတူညီမှု မှန်သမျှဟာ ဟုတ်ကြောင်း သက်သေထူနိုင်ရမယ် ၊ တွန်းအားပေး အကောင်အထည် ဖော်နိုင်ရမယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

ပါရီမြို့မှာ လာမယ့် တနင်္လာနေ့ ကျရင် ဗြိတိန်နဲ့ ပြင်သစ် က နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ မစ္စတာ ကယ်ရီ တွေ့ဆုံပြီး ဆီးရီးယား အရေး ထပ်မံ ဆွေးနွေးကြဦးမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေရဲ့ အစီရင်ခံစာက ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့ ဆင်ခြေဖုံးမှာ ပြီးခဲ့တဲ့လတုန်းက ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့မှုကို ထူးထူးခြားခြား အတည်ပြု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ကုလ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြောပါတယ်။

အဲဒီ အစီရင်ခံစာကို လာမယ့် တနင်္လာနေ့မှာ လူသိရှင်ကြား ထုတ်ပြန်တော့မှာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက သီးခြား ပြောဆိုချက် တခုမှာတော့ မစ္စတာဘန်က ဆီးရီးယား ခေါင်းဆောင် ဘတ်ရှားအယ်လ် အာဆတ်ဟာ လူသားမျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇတ်မှုတွေ အများကြီး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒမားစကပ်စ် မြို့မှာ လက်နက်ကြီးတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်မှုတွေ အကြီးအကျယ် ဖြစ်နေတုန်း မစ္စတာ ဘန်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်က လေကြောင်းကနေ အရေးယူ တိုက်ခိုက်တော့မယ့် စဲစဲ ၊ နောက်ဆုတ်သွားတာကြောင့် ဆီးရီးယား အစိုးရတပ်တွေက အခုဆိုရင် ပိုတိုး တိုက်ခိုက်လာနေတာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။