ဆီးရီးယားအရေး ရုရှနဲ့ ပြင်သစ် သဘောကွဲလွဲ

Image caption ပြင်သစ်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ၂ဦး မော်စကိုမှာ တွေ့စဉ်။

မော်စကိုမြို့မှာ တွေ့ဆုံပြီး ဆီးရီးယား ပဋိပက္ခ အဆုံးသတ်စေရေး ဆွေးနွေးနေကြတဲ့ ရုရှားနဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးတွေ အကြား သဘောတူညီမှု မရခဲ့ကြဘူးလို့ ဝန်ကြီး နှစ်ဦး စလုံးက ပြောကြားပါတယ်။

ဆီးရီးယားက ဒမာ့စကပ်စ်မြို့ အနီးမှာ အရပ်သားတွေ ကို ဆာရင်း အဆိပ်ငွေ့ သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ် တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ ထွက်ရှိခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားနဲ့ ပြင်သစ် အကြား အခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး၊ လောရွန့် ဖက်ဖျူးစ်က ဒီ အစီအရင်ခံစာပါ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို ဆီးရီးယား အစိုးရကသာ လုပ်ဆောင်ခဲ့တယ် ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ပြောပါတယ်။

ရုရှား အနေနဲ့ကတော့ ဒီ ဓာတု လက်နက်နဲ့ တိုက်ခိုက်မှုကို အစိုးရက လုပ်တယ်လို့ အထင်ရှိအောင် သူပုန်တပ်ဖွဲ့တွေကနေ တမင် လုပ်ခဲ့တယ် ဆိုတာကို သံသယ ရှိနေတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ရို့ဖ်က ပြောပါတယ်။

နောက်ပြီး ဆီးရီးယား ဓာတုလက်နက် စွန့်လွှတ်ရေး အတွက် ကုလသမဂ္ဂ အနေနဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးပဲ ချချ အဲဒီအထဲမှာ ဆီးရီးယားကို စစ်ရေးအရ ခြိမ်းခြောက်တာတွေ မထည့်သင့်ဘူးလို့လည်း သူက ပြောပါတယ်။