နိုင်ရိုဘီ စျေးရုံကို ကင်ညာ လုံခြုံရေးတွေ ပြန်ထိန်းချုပ်

Image caption စျေးရုံတခုလုံးကို လုံခြုံရေး တပ်ဖွဲ့တွေ ပိုက်စိပ်တိုက် ရှာနေ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ စျေးရုံကြီးကို အစ္စလာမစ် လက်နက်ကိုင်တွေ ဝင်ရောက် စီးနင်းခဲ့အပြီး ၂ရက်ကျော် အကြာ ဒီကနေ့မှာ ကင်ညာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သူတို့ ပြန်လည် ထိန်းချုပ်ထားလိုက်ပြီလို့ ပြောပါတယ်။

စျေးရုံကြီးထဲမှာ ဘယ်သူတွေ ကျန်နေသေးလဲ ဆိုတာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပိုက်စိပ်တိုက် ရှာနေတယ်လို့ ကင်ညာ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

အခုအခါ ဓါးစာခံတွေ အားလုံး ပြန်လွတ်မြောက်လာပြီလို့ ယူဆကြောင်း ပြောပါတယ်။

အယ်လ် ရှဘက် ဆိုးမားလီးယား အစ္စလာမစ် လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၆၀ကျော် သေဆုံးခဲ့တယ်လို့ ကင်ညာ အစိုးရက ပြောပါတယ်။

ဆိုမားလီးယားအစိုးရကို ကင်ညာနိုင်ငံက စစ်ရေးအရ ဝင်ရောက် အကူအညီ ပေးနေတာအပေါ် လက်တုန့်ပြန် တာလို့ အယ်လ် ရှဘက် အဖွဲ့က ပြောပါတယ်။

ကင်ညာ ပြည်ထဲရေး ဝန်ကြီး Joseph Ole Lenku ကတော့ အခု ဒီတိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် အယ်လ် ရှ်ဘက် ဟာ ကင်ညာ နိုင်ငံတင်မက အာဖရိက အရှေ့ပိုင်း ဒေသတခုလုံးကိုပါ ခြိမ်းခြောက် အန္တရာယ် ပေးနေတယ် ဆိုတာ ထင်ရှားနေကြောင်းနဲ့ ကင်ညာ အစိုးရအပေါ်မှာတော့ အယ်လ် ရှဘက် အဖွဲ့က ကြောက်လန့်သွားအောင် လုပ်နိုင်မှာ မဟုတ်ကြောင်း ပြောသွားပါတယ်။

နိုင်ရိုဘီမြို့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက ပထမဆုံးအကြိမ် လူသိရှင်ကြား ဝေဖန် ပြောဆိုခဲ့ရာမှာ ဒီတိုက်ခိုက်မှုဟာ ဆိုးဝါးတဲ့ ရက်စက် ကြမ်းကြုတ်မှု တခု ဖြစ်တယ်လို့ ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

ဝမ်းနည်းကြေကွဲဖွယ် ဒီဖြစ်ရပ်ကို ကိုင်တွယ် ဆောင်ရွက်ရာမှာ လိုအပ်တဲ့ အကူအညီအားလုံး ပေးမယ်လို့လည်း သူက ကတိပြု ပြောသွားပါတယ်။

နိုင်ဂျီးရီးယား သမ္မတ Goodluck Jonathan ကလည်း ဝမ်းနည်းကြောင်း ထုတ်ဖေါ်ပြောခဲ့ပြီး နိုင်ရိုဘီမြို့မှာ ဖြစ်ခဲ့တဲ့ ဒီအကြမ်းဖက်မှု လုပ်ရပ်ဟာ လူတိုင်းကို ထိခိုက်စေခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ဗြိတိန် နိုင်ငံသား ၆ဦးလောက် သေဆုံးခဲ့တယ်လို့ ယူဆရကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Philip Hammond က ပြောပါတယ်။