ရှန်ဟိုင်းမှာ အင်တာနက် ဖွင့်ပေးတော့မယ်

Image caption တရုတ်တစ်ပြည်လုံးမှာ အင်တာနက်သုံးသူ ၅၉၁ သန်းကျော်ရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ လွတ်လပ်တဲ့ ကွယ်သွယ်ရေးဇုန် ပြုလုပ်မယ့် အစီအစဉ်အရ အဲဒီ ကုန်သွယ်ရေးဇုန်မှာ အင်တာနက်ကို လွတ်လပ်စွာ သုံးစွဲ ကြည့်ရှုခွင့် ပြုဖို့ တရုတ် အာဏာပိုင်တွေက ဆုံးဖြတ်လိုက်ပြီလို့ ဟောင်ကောင် သတင်းစာ တစ်စောင်မှာ ရေးသား ဖော်ပြထားပါတယ်။

ဒီအတွက် တခြားနေရာတွေမှာ ပိတ်ထားတဲ့ ဖေ့စ်ဘွတ်နဲ့ တွစ်တာတို့လို အင်တာနက် လူမှုကွန်ယက် ဆိုက်တွေကို ရှန်ဟိုင်း ကုန်သွယ်ရေးဇုန် နေရာမှာ ကြည့်နိုင်တော့မှာ ဖြစ်ပါတယ်။

ရှန်ဟိုင်းက အဲဒီ ဇုန်နယ်မြေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ကိုယ့်အိမ်မှာ ကိုယ်နေရသလို ခံစားရစေမှာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ တရုတ် အစိုးရ အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုကားပြီး The South China Morning Post သတင်းစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အင်တာနက်ကို အကြီးအကျယ် ဆင်ဆာလုပ်ထားတဲ့ တရုတ်နိုင်ငံမှာ အများပြည်သူတွေ အင်တာနက်ကို ပိုမို ကျယ်ပြန့်စွာ လွတ်လွတ်လပ်လပ် အသုံးပြုရေး အတွက်တော့ တရုတ် ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ ဘာမှ ပြောဆိုတာမျိုး မရှိသေးဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။