နိုင်ရိုဘီ ကုန်တိုက်စီနင်းမှု စုံစမ်းစစ်ဆေးနေ

Image caption နိုင်ငံတကာကျွမ်းကျင်သူတွေ စုံစမ်းစစ်ဆေးနေ

ကင်ညာ နိုင်ရိုဘီက ဝက်စ်ဂိတ် ကုန်တိုက် ကို အယ်လ်ရှဘတ် အစ္စလမ်မစ်တွေရဲ့ စီးနင်းတိုက်ခိုက်မှု နဲ့ပတ်သက်လို့ စုံစမ်းမှုတွေမှာ အမေရိကန် ဗြိတိန် ဂျာမဏီ ကနေဒါနဲ့ နိုင်ငံတကာရဲအဖွဲ့က ကျွမ်းကျင်သူတွေပါ အတူပါဝင် စုံစမ်းစစ်ဆေးနေပါတယ်။

ကုန်တိုက်ကြီးတခုလုံးကို ဒီအမ်အေ၊ လက်ဗွေရာ နဲ့ လက်နက်နဲ့ပတ်သက်လို့ သဲလွန်စတွေ တွေ့နိုင်အောင် နိုင်ငံခြားက ကျွမ်းကျင်သူတွေ ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေကြပါတယ်။

မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ အပျက်အစီးတွေကို အရင် ရှင်းကြရမှာ ဖြစ်ပါတယ်။

နောက်ပြီး ကုန်တိုက် အပျက်အစီးတွေအောက်မှာ ရှိနေတဲ့ ရုပ်အလောင်းတွေကိုလည်း ရှာဖွေပြီး ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေး ဖေါ်ထုတ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီရုပ်အလောင်းတွေထဲမှာ အရပ်သားတွေနဲ့အတူ စီးနင်းတိုက်ခိုက်တဲ့ အကြမ်းဖက်သမားတွေလဲ ပါနိုင်ပါတယ်။

မှုခင်းဆိုင်ရာ စစ်ဆေးမှုတွေ အသေအချာ လုပ်ပြီးမှ ဘာလူမျိုး ဘယ်နိုင်ငံသား ဘယ်က လာတာလဲ ဘယ်သူဘယ်ဝါဆိုတာ ပြောနိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတော့ အကြမ်းဖက်သမားဘဲ ဒါပေမယ့် အယ်ကိုင်ဒါ အဖွဲ့ဝင်တွေ ဖြစ်နိုင်သလို အဲ ရှဘတ်အဖွဲ့ကလဲ ဖြစ်နိုင်ပါတယ်။ဒီတော့ ဒီစစ်ဆေးမှုတွေက မိမိတို့အတွက် အရေးကြီးပါတယ်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

ကြက်ခြေနီအဖွဲ့ကတော့ လူ ၅၀၊ ၆၀ လောက် ပျောက်နေဆဲလို့ ပြောပါတယ်။

ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးက အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းများများစားစား မရှိနိုင်တော့ဘူး။ ရှိရင်လဲ အကြမ်းဖက်သမားတွေရဲ့ ရုပ်အလောင်း ဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။

အစိုးရ လုံခြုံရေးတပ်တွေ စီးနင်းပြီးချိန်မှာ အကြမ်းဖက်သမား ၅ ဦးသေဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

တိုက်ခိုက်သူတွေထဲမှာ အမျိုးသမီးတဦး ပါတယ်ဆိုတာနဲ့ပတ်သက်လို့ လည်း မှုခင်းဆိုင်ရာစုံစမ်းမှုတွေပြီးမှ ပြောနိုင်မယ်လို့ သူက ပြောပါတယ်။

နောက်ပြီး ဗြိတိန်နဲ့ အမေရိကန် နိုင်ငံသားတွေ ပါတယ် ဆိုတာနဲ့ပတ်သက်လို့ သူက အတည်မပြုသေးပါဘူး။

မသင်္ကာသူ ၁၀ ယောက်ကို ဖမ်းထားတယ်လို့သာ ပြောပါတယ်။

ကင်ညာသမ္မတကလည်း မှုခင်းဆိုင်ရာစစ်ဆေးတာဟာ ရ ရက်လောက်ကြာမယ်လို့ ပြောခဲ့ပါတယ်။

ကင်ညာ တနိုင်ငံလုံးဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ရဲ့ အစ အဖြစ် မနေ့က စလို့ အလံကို တဝက်ထူထားခဲ့ကြပါတယ်။

အဲရှဘတ်တို့ရဲ့ တွစ်တာတခုထဲမှာတော့ သူတို့ ဓါစားခံ ၁၃ရ ထိန်းသိမ်းထားပြီး အစိုးရ လုံခြုံရေးတပ်တွေက ဝင်စိးရာမှာ ဓါတုလက်နက်တွေနဲ့ ပစ်ခတ်လို့ အားလုံးသေသွားခဲ့တာလို့ ဖေါ်ပြပါတယ်။ ကင်ညာအစိုးရ ပြောခွင့်ရသူက ဓါတုလက်နက်သုံးတယ်ဆိုတာကို ငြင်းခဲ့ပြီး လူထုကို စစ်သွေးကြွတွေရဲ့ ဝါဒဖြန့်တာကို ဂရုမစိုက်ဖို့ ပြောခဲ့ပါတယ်။

လောလောဆယ်မှာ အကြမ်းဖက်တိုက်ခိုက်နိုင်ဖွယ်ရှိတဲ့ အဆောက် အဦတွေမှာ လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။

ဆက်စပ် အင်တာနက် လင့်များ

ပြင်ပ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာများအပေါ် ဘီဘီစီက တာဝန်မယူပါ။