အမေရိကန် ဘတ်ဂျက် အတည်မပြုနိုင်သေး

Image caption ဘတ်ဂျက် ဥပဒေကြမ်း အတည်မပြုနိုင်ရင် ဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်လို့ အိုဘားမား ပြော

အမေရိကန်နိုင်ငံမှာ မကြာခင် နာရီပိုင်းအကြာမှာ အစိုးရ ဝန်ဆောင်မှု လုပ်ငန်း တစိတ်တပိုင်း ရပ်ဆိုင်းသွားမယ့် အရေးကို တားဆီးချင်ရင် အချိန်မှီ တားဆီးလို့ ရနိုင်သေးတယ်လို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

ဘတ်ဂျက်အသုံးစရိတ် ဥပဒေကြမ်းကို ဝါရှင်တန် စံတော်ချိန် ည ၁၂နာရီ မတိုင်ခင် အတည်ပြုဖို့ ရှိရာမှာ ခုချိန်ထိ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်အကြား ညှိနှိုင်းလို့ မရသေးပဲ ဖြစ်နေပါတယ်။

ရီပတ်ဘလီကန်အမတ်တွေ အနေနဲ့ ဘတ်ဂျက် အသုံးစရိတ် မူကြမ်းကို အတည်ပြုဖို့အတွက် ကန့်သတ်ချက်တခုအနေနဲ့ သမ္မတ အိုဘားမား တင်ပြထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်တွေကို ဆိုင်းငံ့ထားဖို့ အခိုင်အမာ ပြောနေကြတာပါ။

ရီပတ်ဘလီကန်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော် အနေနဲ့ လာမယ့်နှစ် ဘတ်ဂျက် အသုံးငွေ စာရင်းကို အတည်ပြုဖို့ ငြင်းဆန်နေတာဟာ လုံးဝ တာဝန်မဲ့ရာ ကျတယ်လို့ သမ္မတ အိုဘားမားက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားလိုက် ပါတယ်။

ဘတ်ဂျက်စာရင်း အတည်ပြုဖို့ ငြင်းဆိုနေခြင်းအားဖြင့် ရုံးဌာနတွေ ပိတ်ပစ်ရမယ်။ အစိုးရ ဝန်ထမ်း သိန်းနဲ့ချီပြီး လုပ်ခ လစာငွေတွေ မရပဲ ဖြစ်သွားမယ်။အစိုးရ ဝန်ဆောင်မှု လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းသွားမှာ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး နာလန် ထူလာနေမှုကို အကြီးအကျယ် ထိခိုက်သွား စေလိမ့်မယ်လို့ သမ္မတ အိုဘားမား က ထပ်လောင်း ပြောကြားလိုက်ပါတယ်။