ဗီယက်နမ် စစ်သူရဲကောင်းကြီး ကွယ်လွန်

Vo Nguyen Giap
Image caption ၁၉၉၆ မှာတွေ့ရတဲ့ ဗိုလ်ချုပ်ကြီး ဇပ်

အာရှက စစ်သူရဲကောင်း ကိုလိုနီ နယ်ချဲ့ ဆန့်ကျင်ရေး သမား စစ်သားကြီး တယောက် အသက် ၁၀၂ နှစ်ရွယ်မှာ ကွယ်လွန် သွားပါပြီ။

ဗီယက်နမ်ရဲ့ နာမည်အကြီးဆုံး စစ်သားကြီး တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဗိုငွင်ဇပ်ဟာ အောက်တိုဘာလ ၄ ရက်နေ့ ညနေက ဟနွိုင်မြို့က စစ်ဆေးရုံ တခုမှာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ဇပ်လို့ ပြောလိုက်ရင် ဗီယက်နမ်ကို ကိုလိုနီ လုပ်ထားတဲ့ ပြင်သစ်တပ် တွေကို ပြောက်ကျားစစ်နဲ့ အနိုင်တိုက်ခဲ့တဲ့ နာမည်ကျော် ဒိန်ဘင်ဖူး တိုက်ပွဲကို အမှတ်ရ နေကြမှာပါ။ ၁၉၅၄ ဒိန်ဘင်ဖူး တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာဟာ ပြင်သစ်တွေ ဗီယက်နမ်က ဆုတ်ခွာစေရတဲ့ အဓိက အကြောင်းတခု ဖြစ်ခဲ့ပါတယ်။

လယ်သမားမိသားစုက မွေးဖွားခဲ့တဲ့ ဗိုငွင်ဇပ်ဟာ အသက် ၁၄ နှစ်မှာ စပြီး နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးလှုပ်ရှားမှု လူငယ်အဖွဲ့ဝင်အဖြစ် ပါဝက်ခဲ့ပြီး ဟိုချီမင်းရဲ့ အင်ဒိုချိုင်းနား ကွန်မြူနစ်ပါတီ ရဲ့ အဖွဲ့ဝင်လည်း ဖြစ်လာခဲ့ပါတယ်။

Image caption ပြင်သစ်တော်လှန်ရေး ကာလက တွေ့ရတဲ့ ဗိုလ်ချုပ်ကြီး ဇပ်

ဗီယက်နမ် တောင်နဲ့ မြောက် နှစ်ခြမ်းကွဲတော့ ဗိုငွင်ဇပ်ဟာ ကွန်မြူနစ် မြာက်ဗီယက်နမ်ရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီး တောင်ဗီယက်နမ် တပ်တွေကို ကူတိုက် ပေးနေတဲ့ အမေရိကန် တွေကို အနိုင်ယူ ခဲ့တဲ့ ၁၉၆၈ ခုနှစ်က တက် စစ်ဆင်ရေး ဟာလည်း ထင်ရှားပါတယ်။ ဗိုလ်ချုပ်ကြီး ဇပ်ရဲ့ တပ်တွေဟာ ပြောက်ကြားစစ်ဆင်ရေးကို ထိထိရောက်ရောက် ဆင်နွှဲပြီး အမေရိကန် တပ်တွေ အထိနာအောင် တိုက်နိုင် ခဲ့ပါတယ်။ တချိန်မှာ သူ့တပ်တွေဟာ တောင်ဗီယက်နမ် မြို့တော် ဆိုင်ဂုံကို ဝင်တိုက်ပြီး အမေရိကန် သံရုံးကိုတောင် ခဏ သိမ်းလိုက်နိုင်ခဲ့ပါသေးတယ်။

ဒီစစ်ပွဲတွေ အကြောင်း ပြန်ပြောခဲ့တုန်းက ဗိုလ်ချုပ်ကြီး ဇပ်က ဒိန်ဘင်ဖူး အောင်ပွဲဟာ သူတို့အတွက် အလှည့်အပြောင်း ဖြစ်ခဲ့တယ်လို့ ပြန်ပြောပြခဲ့ဖူးပါတယ်။ သူက ဒိန်ဘင်ဖူးကြောင့် ဗီယက်နမ်ဟာ ကမ္ဘာ့မြေပုံ ပေါ်မှာ နေရာ တနေရာ ရလာတယ်။ အမေရိကန်တွေကို အောင်နိုင်ရေးအတွက်လည်း တွန်းအားဖြစ်ခဲ့တယ်လို့ ပြောခဲ့တာပါ။

ဗီယက်နမ်စစ်ပွဲပြီးတော့ ဗိုလ်ချုပ်ကြီး ဇပ်ဟာ ကာကွယ်ရေး ဝန်ကြီး တာဝန်ကို ဆက်ယူပြီး ဒုတိယဝန်ကြီးချုပ် တာဝန်ကိုလည်း ယူခဲ့ပါသေးတယ်။ နောက်ပိုင်း မှာတော့ အစိုးရအဖွဲ့နဲ့ ပါတီတွင်း အားပြိုင်မှုတွေကြောင့် အငြိမ်းစားယူခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဇပ်ဟာ ဗီယက်နမ်ရဲ့ အကျော်ကြားဆုံး စစ်သားကြီးပါ။ သူငယ်စဉ်က ဗီယက်နမ်ကို ကျူးကျော်ခဲ့တဲ့ ဂျပန်တွေကို ဆန့်ကျင် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း မှာလည်း အင်အားကြီးတဲ့ ပြင်သစ်နဲ့ အမေရိကန် တပ်တွေကို အောင်ပွဲ ခံနိုင်ခဲ့သူ အာရှရဲ့ သူရဲကောင်း စစ်သားကြီး တယောက် ဖြစ်ပါတယ်။

သူကွယ်လွန်ကြောင်း ကြားတော့ ကိုယ်တိုင် ဗီယက်နမ်စစ်ပွဲမှာ ပါခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းခံခဲ့ရဖူးတဲ့ အမေရိကန်က ဝါရင့် ဆီးနိတ်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက သူ့ရဲ့ တွစ်တာ မက်ဆေ့ချ်မှာ ဗိုလ်ချုပ်ကြီး ဇပ်ဟာ အင်မတန် တော်တဲ့ စစ်ဗျူဟာသမား တယောက် ဖြစ်ကြောင်း သူတို့ဟာ တယောက်ကို တယောက် လေးစားကြတဲ့ ရန်သူတွေ တချိန်က ဖြစ်ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။