အီဂျစ် အရေးကြီးပစ်မှတ်တွေ တိုက်ခိုက်ခံရ

Image caption စစ်သားနဲ့ လုံခြုံရေးတွေကို ပစ်မှတ်ထား တိုက်ခိုက်လာ

အီဂျစ် နိုင်ငံမှာ အစ္စလာမ် သမ္မတဟောင်း မိုဟာမက် မော်ဆီကို ထောက်ခံကြတဲ့ သူတွေနဲ့ လုံခြုံရေးတွေ ထိတ်တိုက် တွေ့ခဲ့ကြလို့ လူ ၅၀ သေဆုံးခဲ့ရပြီး နောက်တစ်နေ့ညမှာ အရေး ကြီးတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆိုင်းနိုင်း တောင်ပိုင်းက လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဌာနချုပ်မှာလည်း ကားဗုံးခွဲ တိုက်ခိုက် ခံခဲ့ရလို့ လူ ၂ ဦး ထက်မနည်း သေဆုံး ခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် အဆောက်အအုံ ပြိုကျခဲ့ရပြီး အပျက်အစီးတွေကြားမှာ လူတွေ ရှိနေနိုင်သေးတယ်လို့ သိရပါတယ်။

ဆူးအက်ဇ် တူးမြောင်း ဒေသတွင်းက အစ္စမေးလီယား မြို့အနီးမှာ အီဂျစ် စစ်သား ၆ ယောက် သတ်ဖြတ် ခံခဲ့ရအပြီးမှာ အခုလို ကားဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

တစ်ခါ ကိုင်ရိုမြို့က ဆက်သွယ်ရေး ဂြိုလ်တု ဖမ်းယူတဲ့ စလောင်းကိုလည်း ဒုံးလက်နက်နဲ့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။