အိန္ဒိယ အရှေ့ဘက်ကမ်းကို မုန်တိုင်း ဝင်တော့မယ်

Image caption မုန်တိုင်း ဝင်တိုက်ခတ်တဲ့ အခါ ၁၀ ပေ အမြင့် ရှိတဲ့ လှိုင်းလုံး ကြီးတွေ တက်လာ နိုင်တယ်လို့ ခန့်မှန်း

အင်အားပြင်း ဖိုင်လင်း Phailin ဆိုင်ကလုန်း မုန်တိုင်းဟာ မကြာခင် အိန္ဒိယ နိုင်ငံ သြရိသ ပြည်နယ်နဲ့ အဲန်ဒရာ ပရာဒက်ရှ် ပြည်နယ် တွေကို ဝင်ရောက် တိုက်ခတ် ဖို့ ရှိနေပါတယ်။

ဖိုင်လင်း ဆိုင်ကလုန်း ဝင်တိုက်ဖို့ ရှိတဲ့ ကမ်းရိုးတန်း အပန်းဖြေမြို့ ဖြစ်တဲ့ Gopalpur မြို့မှာ တော့ မိုးသက် လေပြင်းတွေ ကျနေပြီး လမ်းမတွေ ပေါ်မှာ လူသူ ကင်းမဲ့ နေတယ် လို့ ဆိုပါတယ်။

Gopalpur မြို့ နားကို ဖိုင်လင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်တိုက်ခတ်တဲ့ အခါ ၁၀ ပေ အမြင့် ရှိတဲ့ လှိုင်းလုံး ကြီးတွေ တက်လာ နိုင်တယ်လို့ ခန့်မှန်း ထားတဲ့ အတွက် ကမ်းရိုးတန်း ပေါ်က ရွှံ့အိမ်တွေကို အကြီး အကျယ် ထိခိုက် ပျက်စီးမယ့် ပုံ ရှိနေပါတယ်။

ကမ်းရိုးတန်း တလျှောက်မှာ နေထိုင် နေသူ အများစု ကိုတော့ အစိုးရက ဘေးလွတ် ရာကို ရွှေ့ပြောင်း ထားခဲ့ပြီး ပါပြီ။ စျေးဆိုင် တွေနဲ့ ဓါတ်ဆီဆိုင် တွေ တောင် ပိတ်ထား လိုက်ပြီ ဖြစ်ပါတယ်။

ပြည်နယ် မြို့တော် ဘူဘန်နက်စ်ဝါ မြို့မှာ ဆိုရင် စိုးရိမ် တကြီးနဲ့ စားသုံးကုန် ပစ္စည်းတွေ အလု အယက် ဝယ်ကြလို့ ဆိုင်တွေမှာ စားသောက် ကုန်တွေ ပြတ်လပ် သွားခဲ့ ပါတယ်။

သြရိသ ပြည်နယ်နဲ့ အဲန်ဒရာ ပရာဒက်ရှ် ပြည်နယ် တွေမှာ အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက် နိုင်အောင် စစ်တပ်က အသင့်ရှိ နေပြီး မုန်တိုင်း ရိုက်ခတ် မယ့် နေရာ ဒေသတွေကို ရဟတ်ယာဉ်တွေနဲ့ စားနပ် ရိက္ခာ အထုပ်တွေ ချပေးဖို့ ပြင်ထား တယ်လို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

အခု ဖိုင်လင်း ဆိုင်ကလုန်း မုန်တိုင်းဟာ တနာရီကို ၃၁၅ ကီလိုမီတာ အထိ လေပြင်း တိုက်နိုင် တယ်လို့ အမေရိကန် ရေတပ်ရဲ့ ပူးတွဲ တိုင်ဖွန်း သတိပေး စခန်း က ခန့်မှန်းထား သလို လန်ဒန် အခြေစိုက် အပူပိုင်း မုန်တိုင်း အန္တရာယ် ခန့်မှန်းရေး စခန်း ကလည်း ဖိုင်လင်း ဆိုင်ကလုန်း မုန်တိုင်းကို အင်အား အပြင်းဆုံး အဆင့် ၅ အထိ သတ်မှတ်ထား တာပါ။

တခါ ဖိုင်လင်း ဆိုင်ကလုန်း မုန်တိုင်းဟာ နှစ်ပေါင်း ၁၄ နှစ် အတွင်း ဒီဒေသမှာ အကြီးဆုံး မုန်တိုင်း ဖြစ်မယ်လို့ ယူဆရ ပါတယ်။

ဒေသခံ အတော် များများ အနေနဲ့ ၁၉၉၉ ခုနှစ် တုန်းက သြရိသ ပြည်နယ်မှာ မဟာ ဆိုင်ကလုန်း မုန်တိုင်းကြီး ဝင်မွှေ သွားတဲ့ အဖြစ်ကို ခုချိန်ထိ အမှတ်ရ နေကြဆဲ ပါ။

အဲဒီတုန်းက ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကြောင့် လူ တသောင်းကျော် သေဆုံးခဲ့ ရပါတယ်။ ဒီတခေါက် မှာတော့ မုန်တိုင်း ဒဏ်ကို အသေ အချာ ကြိုတင် ပြင်ဆင် မှုတွေ လုပ်ထား တယ်လို့ အိန္ဒိယ အာဏာပိုင် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ