ကုလ ကောင်စီ အဖွဲ့ဝင်နေရာ ဆော်ဒီ ငြင်းပယ်

Image caption လုံခြုံရေးကောင်စီဟာ တရားမျှတမှု မရှိဘူးလို့ ဆော်ဒီ စွပ်စွဲ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း မဟုတ်တဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံထဲမှာ တစ်နိုင်ငံ အနေနဲ့ ဆောဒီအာရေဗျကို ပထမဆုံးအကြိမ် ရွေးကောက် တင်မြှောက်အပြီး နောက်နေ့မှာ ဆော်ဒီအာရေဗျက ငြင်းဆို ပယ်ချလိုက် ပါတယ်။

အခုလို ငြင်းဆိုလိုက်တာဟာ လုံခြုံရေးကောင်စီမှာ အခွင့်အရေး မျှတမှု မရှိတဲ့အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ ခက်ခဲစေတာကြောင့် ဖြစ်တယ်လို့ ဆော်ဒီက ပြစ်တင် ပြောကြားပါတယ်။

လုံခြုံရေး ကောင်စီဟာ ပါလက်စတိုင်းနဲ့ ဆီးရီးယား အရေး နှစ်ခု စလုံးအတွက် တာဝန် ဝတ္တရားတွေ ပျက်ကွက်ခဲ့တယ်လို့ ဆော်ဒီက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဆီးရီးယား သမ္မတ အာဆတ်ကို ကိုယ့်ပြည်သူကိုယ် ပြန်သတ်ဖို့ ဆက်လက် ခွင့်ပြုထားပြီး အာဆတ်အနေနဲ့ ဘယ်လို အပြစ်ဒဏ် အတားအဆီးကိုမှ ရင်ဆိုင်ရခြင်း မရှိဘူးလို့လည်း ပြောပါတယ်။

လုံခြုံရေး ကောင်စီကို ပြန်လည် ပြုပြင် ပြောင်းလဲမှုတွေ လုပ်စေချင်တယ်လို့ ဆော်ဒီက ပြောကြားလိုက်ပြီး အသေးစိတ် အချက်တွေကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။